Home » » ပုဒ်မ ၁၈ဖျက်သိမ်းရန် တစ်ကိုယ်တော်ဆန္ဒပြသူ တားဆီးခံရ

ပုဒ်မ ၁၈ဖျက်သိမ်းရန် တစ်ကိုယ်တော်ဆန္ဒပြသူ တားဆီးခံရ

Written By Unknown on Saturday, January 4, 2014 | 4:06 PM

စနေနေ့၊ ဇန်နဝါရီ ၄ရက်၊ ၂၀၁၃ခုနှစ်။

နေပြည်တော်၊ မဇ္ဈိမ။ ။ခွင့်ပြုမိန့်မရှိဘဲ ဆန္ဒထုတ်ဖော်သဖြင့် အရေးယူသည့် ပုဒ်မ ၁၈ကို ဖျက်သိမ်းရန် နေပြည်တော်၊ ပျဉ်းမနားမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ အတွင်းရေးမှူး ကိုသာချိုက ဇန်နဝါရီလ ၄ရက် လွတ်လပ်ရေးနေ့ နံနက်က တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သည်။

ကိုသာချို(ခေါ်) ကိုကျော်မိုးဇော်က ပျဉ်းမနားမြို့ မြို့ဦးဓမ္မာရုံမှ စတင်ကာ ဗိုလ်ချုပ်လမ်းတလျောက် လမ်းလျောက်ဆန္ဒထုတ်ဖော်ခဲ့ရာ ရန်အောင်(၂) ဓမ္မာရုံရှေ့အရောက်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသန်းမြင့်က လာရောက်တားဆီးခဲ့သည်။

"အခုလို ဆန္ဒထုတ်ဖေါ်တာကို လာရောက်တားဆီးတာ နိုင်ငံသားအခွင့်အရေး အရမ်းဆုံးရှုံးတယ်၊ ပုဒ်မ ၁၈ကို ပြင်ဆင်စရာတွေ အများကြီးရှိတယ်၊ ကျွန်တော်တို့ နိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရာမှာ အင်မတန် လေးလံနေတာ သမ္မတ သိအောင်လို့ အခုလို ဆန္ဒထုတ်ဖော်တာပါ"ဟု ကိုသာချိုက မဇ္ဈိမကိုပြောသည်။

ယင်းသို့ တားဆီးသော်လည်း "၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးပါ" "ပုဒ်မ ၁၈ ဖျက်သိမ်းပစ်" "နေပြည်တော် ကောင်စီကို ရွေးချယ်ခံ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးပါ" စသည်ကို ရေးသားထားသည့် ဗီနိုင်းကို ကိုင်ဆောင်ပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်တုရှေ့အထိ ဆက်လက် ချီတက်ခဲ့သည်။

ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရန် ကိုသာချိုက ပျဉ်းမနားမြို့နယ် ရဲစခန်းသို့ ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်ဟု ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မဇ္ဈိမက ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းမြင့်ကို မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

နေပြည်တော်ကောင်စီအတွင်း၌ ဆန္ဒထုတ်ဖော်မှုသည် ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။

အောင်သူရထွန်း
Mizzima - News in Burmese