Home » » ကျူးကျော်အိမ်ရာများ အလုံးအရင်း ဝင်ရောက်မှု ဖယ်ရှားပေးရေး လူ ၁၀၀ ခန့် ဆန္ဒထုတ်ဖော်

ကျူးကျော်အိမ်ရာများ အလုံးအရင်း ဝင်ရောက်မှု ဖယ်ရှားပေးရေး လူ ၁၀၀ ခန့် ဆန္ဒထုတ်ဖော်

Written By Unknown on Saturday, January 4, 2014 | 7:38 PM

ရန်ကုန်၊ ဇန်နဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်း ကျူးကျော် အိမ်ရာများ အလုံးအရင်းနှင့် ဝင်ရောက် နေထိုင်လာမှုများကို ဖယ်ရှားပေးရန် ဒေသခံ ၁၀၀ ခန့်က အဆိုပါ မြို့နယ် သံဖြူရုံကျေးရွာတွင် ဇန်နဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက တစ်နာရီကြာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

လှိုင်သာယာ - တွံတေး ကားလမ်း ဘေးဝဲယာရှိ လမ်းမြေများတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းမှ စတင်ကာ ကျူးကျော် အိမ်ခြေများ များပြား လာမှုကြောင့် ဒေသခံများ၏ လုံခြုံမှုများ ပျက်ပြားလာသဖြင့် ဥပဒေမဲ့ ကျူးကျော် ဝင်ရောက်မှု များကို ဖယ်ရှား ရှင်းလင်းပေးရန်၊ ဥပဒေနှင့်အညီ အရေးယူပေးရန် တွံတေးမြို့နယ် ခလောက်ချိုက်၊ တမာတကော၊ ပဒံရေကျော်၊ တမံကြီးနှင့် ကံရွာကျေးရွာ အုပ်စုတို့မှ ဒေသခံများက ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

ကျူးကျော် နေအိမ်များ ဝင်ရောက် ဆောက်လုပ် နေထိုင်သူ များကြောင့် စည်းကမ်းမဲ့ အညစ်အကြေး စွန့်ပစ်မှုများ ရှိလာသည့်အပြင် ဒေသခံများ အတွက် သောက်သုံးရေ မလုံလောက်မှု၊ လုံခြုံရေး စိုးရိမ်ရမှုများ ကြုံတွေ့နေရပြီး ခိုက်ရန် ဖြစ်ပွားမှုများလည်း ရှိကြောင်း တွံတေးမြို့နယ် ပဒံရေကျော် ကျေးရွာမှ ဒေသခံတစ်ဦးက ပြောဆိုသည်။
“သူတို့ရောက်လာမှ ရွာမှာ ပစ္စည်းပျောက်တာ ပိုများလာတယ်။ ညဘက်တွေဆိုရင် တုတ်တွေ၊ ဓားတွေနဲ့ လမ်းပေါ်လျှောက် သွားနေကြတာဆိုတော့ ဒေသခံတွေအတွက် စိုးရိမ်ရပါတယ်” ဟု ပဒံရေကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်က The Voice သို့ ပြောကြားသည်။

အများပြည်သူပိုင် ကားလမ်းမဘေးနှင့် ပုဂ္ဂလိကပိုင် ခြံမြေများတွင် ကျူးကျော် နေထိုင်သူများကို မြို့နယ် ဆောက်လုပ်ရေး အဖွဲ့နှင့် မြေပိုင်ရှင်များက သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့် တိုင်ကြားမှုများ ရှိကြောင်း တွံတေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က ရှင်းပြ သည်။

အစိုးရက အိုးမဲ့အိမ်မဲ့များကို လှိုင်သာယာ - တွံတေး ကားလမ်းဘေးတွင် မြေကွက်များ အခမဲ့ ချထားပေးမည် ဆိုသော ကောလာဟလများ ဒီဇင်ဘာ လဆန်းပိုင်းက ထွက်ပေါ်လာခဲ့ပြီးနောက် ယင်းလမ်းကြီး တစ်လျှောက်တွင် ကျူးကျော်သူများက မြေကွက်များ ဦးယူကာ ယာယီ နေအိမ်များ ဆောက်လုပ်ခဲ့ကြောင်း၊ လတ်တလောတွင် အိမ်ခြေ တစ်ထောင်ကျော်မက ရှိကြောင်း၊ ယင်းအပြင် တွံတေး မြို့နယ်နှင့် လှိုင်သာယာမြို့နယ်အစပ် ပန်းလှိုင်မြစ်ကမ်း (ပန်းလှိုင် တံတားအနီး) တစ်လျှောက်ရှိ ဥယျာဉ်ခြံများနှင့် မြေနုကျွန်း များတွင်လည်း ကျူးကျော်များက ယာယီအိမ် ၅၀၀၀ ဝန်းကျင်ခန့် ဆောက်လုပ်ကာ ကျူးကျော်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly