Home » » ထောင်ဒဏ် ၁၈ နှစ် ကျခံခဲ့ရသော စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ် ပြန်လွတ်

ထောင်ဒဏ် ၁၈ နှစ် ကျခံခဲ့ရသော စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ် ပြန်လွတ်

Written By Unknown on Saturday, January 4, 2014 | 3:34 PM

ပုသိမ်၊ ဇန်နဝါရီ ၃

လွန်ခဲ့သော ငါးနှစ်ကျော်ကာလက မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးစစ်ဆေးခံရပြီး ထောင်ဒဏ် ၁၈ နှစ် ကျခံနေရသော စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်မှာ ဇန်နဝါရီလ ၃ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံး၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အမှတ် ၁/၂၀၁၄ အရ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အကျဉ်းထောင်မှ လွတ်မြောက် လာကြောင်း ပုသိမ်မြို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စတင်ဖမ်းဆီးခြင်း ခံရစဉ်က ပုဒ်မပေါင်းများစွာ ပါဝင်ပြီး အမိန့်ချသည့် အချိန်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၅ နှစ်၊ ဧည့်စာရင်း မတိုင်မှုဖြင့် ထောင်ဒဏ်သုံးနှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခြင်း ခံခဲ့ရသော်လည်း ယနေ့အချိန်အထိ မိမိတွင် မူးယစ်ဆေးဝါးနှင့် တူသည့် သွေးတစ်စက်မှ ရှိမနေသည်ကို ပြောလိုကြောင်း၊ ရှေ့ဆက်ပြီး မိမိနိုင်သည့် ဝန်ကိုထမ်းပြီး တိုင်းပြည်အတွက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခံရပြီး ငါးနှစ်ခွဲခန့်ကြာ ထောင်အတွင်း နေထိုင်ခဲ့သူ ပုသိမ်ထောင်မှ လွတ်မြောက်လာသူ ဦးမောင်ဝိတ်က ပြောကြားသည်။

“ကျွန်တော့်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုပေးခဲ့တဲ့ နိုင်ငံတော် သမ္မတကြီးနဲ့ တာဝန်ရှိသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ကျွန်တော်နဲ့ အတူနေခဲ့ရတဲ့ ဦးဇာဂနာ၊ ထောင်ပြင်ပလောက အကြောင်းကို မီဒီယာမှတစ်ဆင့် သိခွင့်ရခဲ့တဲ့အတွက် မီဒီယာများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကြီးနိုင်ငယ်ညှဉ်း နှိပ်စက်ခြင်း ကင်းဝေးတဲ့ မြန်မာနိုင်ငံကြီး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ မှားခြင်း၊ မှန်ခြင်း၊ အပြစ်ရှိခြင်း၊ မရှိခြင်း၊ အရေးယူခံရခြင်း၊ မခံရခြင်းဟာ ဘယ်သူ ဆုံးဖြတ်တာလဲဆိုတာ ပေါ်မှာပဲ မူတည်ပါတယ်၊ တကယ်တွေးကြည့်ရင် နောက်ဆုံးတော့ မနက်ဖြန်ဆိုတာ နောက်တစ်နေ့ပါပဲ” ဟု ၎င်းကဆိုသည်။

ဖျာပုံမြို့နယ် အမာမြို့နယ်ခွဲနေ တပ်ပြေးမှုဖြင့် ပြစ်ဒဏ်ငါးနှစ် ချမှတ်ခံရသည့် ဦးစိုးလှိုင်က “ကျွန်တော် တော်တော် ပျော်နေတယ်ဗျာ။ ဘာပြောရမှန်း မသိတော့ပါဘူး။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်လွတ်တာ မိသားစုတွေ မသိသေးပါဘူး” ဟု ဆိုသည်။

ဧရာဝတီတိုင်း အတွင်းရှိ အကျဉ်းထောင်ငါးခုမှ လွတ်မြောက်သူများကို နိုင်ငံတော်မှ ထောက်ပံ့ ကူညီငွေကျပ် ၁၀၀၀၊ ကစကဲ စိုက်ပျိုးရေး အလုပ်စခန်းနှင့် ဆားမလောက် စိုက်ပျိုးရေး အလုပ်စခန်းတို့မှ လွတ်မြောက်လာသူ များကိုလည်း နိုင်ငံတော်မှ ထောက်ပံ့ ကူညီငွေ ကျပ် ၁၀၀၀ စီအပြင် အလုပ်စခန်းများတွင် နေထိုင် လုပ်ကိုင်ခဲ့သည့် လုပ်အားခများကိုပါ တွက်ချက် ထောက်ပံ့ပြီး လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပုသိမ်ထောင်မှ နှစ်ဦး၊ မြောင်းမြထောင်မှ တစ်ဦးသာ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်အရ အကျုံးဝင် ညီညွတ်၍ လွှတ်ပေးနိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်များ အုပ်စု ညွှန်ကြားရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ပုသိမ်ထောင်မှ လွတ်ငြိမ်းခွင့်ရ အကျဉ်းသားများအတွက် ဦးမောင်ဝိတ်နှင့် မိသားစုက ထောင်အာဏာပိုင်များမှ တစ်ဆင့် တီရှပ် ၃၅၀ နှင့်၊ ပုဆိုး/ထမီ ၃၅၀ ထည် တို့ကို လှူဒါန်းခဲ့သည်။

ခေါင်းခါဆေးဟု လူသိများသော မူးယစ်ဆေးပြားများ ရောင်းဝယ်ဖောက်ကား သုံးစွဲမှုဖြင့် အသက် ၃၅ နှစ်အရွယ် ကုမ္ပဏီသူဌေး မောင်ဝိတ် အပါအဝင် မလေးရှား နိုင်ငံသား ပီတာ၊ အောင်မင်း၊ နေထွန်းလွင်၊ ကျော်ဖုန်းနိုင်၊ ကျော်လှိုင်၊ အုန်းသီး (ခ) ကျော်ဝင်းတို့ကို Ecstasy စိတ်ကြွ ဆေးပြား များနှင့် Ketamine တို့ ကိုယ်တိုင် သုံးစွဲခြင်း၊ ဖြန့်ဝေ တိုက်ကျွေးခြင်းတို့ကြောင့် လမ်းမတော် မြို့နယ် ရဲစခန်းက ၂၀၀၈ ခု နှစ်လယ်ပိုင်းက အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းအတွင်းရှိ အကျဉ်းထောင် ငါးခုဖြစ်သော ပုသိမ် အကျဉ်းထောင်မှ ၂၅၄ ဦး၊ မြောင်းမြ အကျဉ်းထောင်မှ ၁၅၆ ဦး၊ ဟင်္သာတ အကျဉ်းထောင်မှ ၁၀၂ ဦး၊ မအူပင် အကျဉ်းထောင်မှ ၇၄ ဦး၊ ဖျာပုံ အကျဉ်းထောင်မှ ၈၂ ဦး၊ ကစကဲ စိုက်ပျိုးရေး အလုပ်စခန်းမှ ၈၇ ဦး၊ ဆားမလောက် စိုက်ပျိုးရေး အလုပ်စခန်းမှ ၈၅ ဦးတို့ လွတ်မြောက်လာကြောင်း ပုသိမ်မြို့ အကျဉ်းဦးစီးဌာနမှ စာရင်းများအရ သိရသည်။

The Voice Weekly