Home » » မေးခိုင်အန္တရာယ်များပြားသည့် တိုင်းနှင့် ပြည်နယ်များတွင် တိုးချဲ့ကာကွယ်ဆေးထိုးမည်

မေးခိုင်အန္တရာယ်များပြားသည့် တိုင်းနှင့် ပြည်နယ်များတွင် တိုးချဲ့ကာကွယ်ဆေးထိုးမည်

Written By Unknown on Tuesday, January 14, 2014 | 9:26 PM

မေးခိုင်ရောဂါဖြစ်ပွားနိုင်ရန် အန္တရာယ်များပြားသည့် တိုင်းနှင့်ပြည်နယ်များရှိ လူဦးရေ တစ်သန်းကျော်အား  မေးခိုင်ကာကွယ်ဆေး ထိုးနှံမည်ဖြစ်ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ သတင်းရရှိသည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်မြို့များရှိ မြို့နယ်၂၂ မြို့နယ်တွင် ဇန် န၀ါရီ ၁၇ ရက်မှ  စတင်၍ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း    အဆိုပါကာကွယ်ဆေးထိုးလုပ်ငန်း  စီမံချက်မန်နေဂျာ ဒေါက်တာကျော်ကံကောင်းကပြောသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်ကတည်းက စတင်၍ မိခင်နှင့် မွေးကင်းစကလေး မေးခိုင်ရောဂါကင်းဝေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ယူနီဆက်တို့က အသိအမှတ်ပြုခဲ့ခြင်းဖြစ်ပြီး ထိုအခြေအနေကို ဆက်လက်ထိန်းသိမ်းရန် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကို ယခုဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

““လက်ရှိ ဘယ်မြို့နယ်တွေက ရောဂါဖြစ်နိုင်တဲ့အခြေအနေရှိလဲဆိုပြီး သုံးသပ်တဲ့အခါ ဆောင်ရွက်မှုအားနည်းခဲ့ပြီး ဖြစ်ပွားနိုင်တဲ့ အခြေအနေရှိတဲ့ မြို့နယ်တွေကို ရွေးချယ်ခဲ့တာပါ””ဟု ဒေါက်တကျော်ကံကောင်းကပြောသည်။
ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဇန်န၀ါရီ၊ ဖေဖော်ဝါရီနှင့် သြဂုတ်လများ၏ လစဉ် ၁၇ ရက်နေ့တို့တွင် စီမံချက်မြို့နယ်များ၌ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး ထိုမြို့နယ်များရှိ အသက်(၁၅)နှစ်မှ(၄၅)နှစ်အတွင်း  အမျိုးသမီးများအားလုံး ထိုးနှံရမည်ဖြစ်သည်။

အကြောင်းအမျိုးမျိုးကြောင့် ဒဏ်ရာရရှိသည့်အခါ ထိုဒဏ်ရာမှ မေးခိုင်ရောဂါပိုးဝင်ရောက်ပြီး ခန္ဓာကိုယ်အတွင်း ရောက်ရှိသွားကာ  အဆိပ်များ ထုတ်လွှတ်ခြင်းဖြစ်သည်။ ထိုအဆိပ် ဦးနှောက်အတွင်း ရောက်ရှိသွားသောအခါ မေးခိုင်ရောဂါ၏ လက္ခဏာများဖြစ်သည့် ကြွက်သားများတောင့်တင်းလာခြင်း၊ အစာမျိုရခက်ခဲလာခြင်း စသည်တို့ဖြစ်ပွားပြီး အသက်သေဆုံးနိုင်ခြေများပြားသည့်ရောဂါဖြစ်သည်။မွေးကင်းစကလေးများတွင် ဖြစ်ပွားသည့် မေးခိုင်ရောဂါသည် မသန့်ရှင်းသောကတ်ကြေးနှင့် ချက်ကြိုးဖြတ်ခြင်း၊   ချက်ကြိုးမခြောက်မီ  အနာမှ ပိုးဝင်ခြင်းတို့ များပြားပြီး မွေးဖွားပြီး လေးရက်မှ ၁၄ ရက်အတွင်း   ဖြစ်ပေါ်တတ်သည်။

7day Daily