Home » » လူငယ်ညီလာခံအတွက် ကြုံတွေ့ရသည့် အခက်အခဲများ လူငယ်များ ကိုယ်တိုင်ဖြေရှင်းရန် လုပ်ပိုင်ခွင့်ပေးထားဟုဆို

လူငယ်ညီလာခံအတွက် ကြုံတွေ့ရသည့် အခက်အခဲများ လူငယ်များ ကိုယ်တိုင်ဖြေရှင်းရန် လုပ်ပိုင်ခွင့်ပေးထားဟုဆို

Written By Unknown on Tuesday, January 14, 2014 | 9:39 PM

နေပြည်တော်၊ မဇ္ဈိမ ။ ။ NLD လူငယ်ညီလာခံကျင်းပရန် ကြုံတွေ့ရသည့် အခက်အခဲများကို လူငယ်များကိုယ်တိုင် ဖြေရှင်းကြရန် လုပ်ပိုင်ခွင့် အပြည့်အဝပေးထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဇ္ဈိမကို ပြောသည်။

“လူငယ်ညီလာခံနဲ့ ပတ်သက်လို့တော့ အခက်အခဲတွေရှိတယ်။ ဒါသူတို့ဖာသာဖြေရှင်း ကျွန်မတို့ လုပ်ပိုင်ခွင့် ပေးထားတယ်”ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၁၄ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်း ၌မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောခြင်း ဖြစ်သည်။

ညီလာခံသည် လူငယ်တာဝန်ခံများ ရွေးချယ်ရန် ဦးတည်ကျင်းပခြင်းဖြစ်ပြီး ကိုယ်စားလှယ်လောင်း သီးသန့် လျာထားရန် စီစဉ်ထားခြင်းမျိုး မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် က ရှင်းပြသည်။

“လူငယ်ညီလာခံကနေ လူငယ်တာဝန်ခံတွေ ရွေးချယ်ဖို့ပဲ၊ ဒီလူငယ်တာဝန်ခံတွေထဲမှာ ဘယ်နှစ်ယောက်က ကိုယ်စားလှယ်ရဲ့ အရည်အချင်း နဲ့ ပြည့်စုံ တယ်ဆိုတာ မသိဘူး”ဟု ၄င်းကဆိုသည်။

NLD လူငယ်ညီလာခံကို ၂ဝ၁၃ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပရန် မူလကစီစဉ်ထားသော်လည်း ယနေ့အထိ ကျင်းပနိုင်ခြင်းမရှိသေးပေ။ ယင်းကြောင့် လာမည့် ဇန်နဝါရီ ၁၆ရက်တွင် တိုင်း၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် လူငယ်ညီလာခံ ကျင်းပရေးကော်မရှင်အဖွဲ့များ ရန်ကုန်တွင် တွေ့ဆုံဆွေးနွေးကြရန် ပြင်ဆင်ထားသည်ဟု ဗဟို လူငယ်ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမောင်ဦးက မဇ္ဈိမကိုပြောသည်။

“ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ဝင်လာတာကြောင့်လည်း ညီလာခံကိစ္စပြင်ဆင်တာတွေ အရှိန်နည်းနည်းတန့် သွားတာ ပါပါတယ်။ အဓိကကတော့ လူငယ်အင်အားစာရင်းစုတာ မပြီးသေးလို့ပါ”ဟု ၄င်းက ရှင်းပြသည်။

အစည်းအဝေးတွင် လူငယ်အဖွဲ့ဝင် လျှောက်ထားမှု အခြေအနေနှင့် အင်အားစာရင်း ပြုစုမှု အားနည်းချက်၊ အားသာချက်များကို အဓိက ဦးတည်ရန် ရည်ရွယ်ထားပြီး အားနည်းချက်ရှိသည့် ခရိုင်၊ မြို့နယ်များကို မည်သို့ အင်အားဖြည့်ဆောင်ရွက်ပေးမည်ကို ဆုံးဖြတ်ရန်ရှိသည်ဟု ဦးမောင်ဦးက ပြောသည်။

လက်ရှိတွင် လူငယ်အဖွဲ့ဝင်လျှောက်လွှာများကို တိုင်းနှင့် ပြည်နယ်အသီးသီးသို့ ပို့ပေးထားပြီးဖြစ်သည်ဟု ဗဟို လူငယ်ညီလာခံ ကျင်းပရေးကော်မရှင်အဖွဲ့က ဆိုသည်။ NLD အနေဖြင့် တစ်နိုင်ငံလုံးရှိ မြို့နယ်အသီးသီးတွင် အနည်းဆုံး လူငယ်အဖွဲ့ဝင်ဦးရေ ၅ဝခန့်စီရရှိရန် မျှော်မှန်းဆောင်ရွက်နေပြီး စာရင်းအတိအကျကိုမူ မကြာမီ ထုတ်ပြန်နိုင်ရန် ပြင်ဆင်နေသည်ဟု လူငယ်ညီလာခံ ကျင်းပရေးကော်မရှင်က ပြောသည်။

Written by  ဥာဏ်လှိုင်လင်း

Mizzima - News in Burmese