Home » » အထက်မြန်မာပြည်တွင် ဆန်၊ စပါးဈေး ဆက်တိုက်မြင့်တက်နေ

အထက်မြန်မာပြည်တွင် ဆန်၊ စပါးဈေး ဆက်တိုက်မြင့်တက်နေ

Written By Unknown on Tuesday, January 14, 2014 | 9:18 PM

ပြီးခဲ့သည့် မိုးရာသီ ရာသီဥတုဖောက်ပြန်မှုများကြောင့် ရွှေဘိုဒေသရှိ စပါးစိုက်ခင်းများ ပျက်စီးခဲ့ပြီး အထွက်နှုန်းလျော့ခဲ့ရာ အထက်မြန်မာပြည် ဆန်စပါးဈေးကွက်အတွင်း ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေကြောင်း သတင်းရရှိသည်။

မန္တလေးနှင့် ရွှေဘိုဆန်ဈေးကွက်အတွင်း တစ်တင်းခွဲဝင် ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ် ၃၃၀၀၀ ကျော် ဈေးပေါက်နေပြီး ယခင်နှစ် အလားတူကာလထက် ကျပ် ၅၀၀၀ ခန့် ပိုမိုမြင့်တက်နေခြင်းဖြစ်ကြောင်း ရွှေဘို နှင့် မန္တလေးမြို့ရှိ ဆန်စပါးကုန်သည်များက ပြောသည်။

စပါးဈေးများလည်း မြင့်တက်နေပြီး တင်းတစ်ရာလျှင် ကျပ် ရှစ်သိန်းခွဲနှင့် ကိုးသိန်းခန့် ဈေးပေါက်နေကြောင်း သတင်းရရှိသည်။

““စပါးအထွက်လျော့တော့ ဆန်ဈေးတက်တယ်။ ဈေးထပ်တက်မယ်ထင်လို့ လှောင်ကြတဲ့သူတွေလည်းရှိတယ်။ တချို့ပွဲစားတွေဆို မခြွေလှေ့ရသေးတဲ့စပါးတွေကို တလင်းထဲ၊ စပါးခင်းထဲထိ လိုက်ဝယ်နေကြတယ်”” ဟု ရွှေဘိုမြို့မှ ဆန်ကုန်သည်နှင့် ဆန်စက်ပိုင် ဦးကျော်ဦးက ပြောသည်။

လက်ရှိတွင် မန္တလေး-မူဆယ်လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံမှ ဆန်များ ဆက်တိုက်ဝယ်ယူနေရာ ဆန်ဈေး ယခုထက် ပိုမိုမြင့်တက်ပြီး စားသုံးသူပြည်သူလူထု အခက်တွေ့မည်ကို စိုးရိမ်နေရသည်ဟု မန္တလေးမြို့မှ ဆန်ကုန်သည်နှင့် ဆန်စက်ပိုင်များက ပြောသည်။

““နှစ်တိုင်း တရုတ်နှစ်သစ်ကူးချိန်ဆို အရောင်းအေးပေမယ့် ဒီနှစ် အရောင်းသွက်နေတယ်။ ရွှေဘိုဘက်က စပါးအထွက်လျော့တော့ ပေါ်ဆန်းဆန်တွေဆို ဈေးတက်နေတယ်။ အခုမှ စပါးပေါ်ချိန်ဆိုပေမယ့် ဆန်ဈေးက နှစ်တိုင်း သင်္ကြန်ကာလမှာဖြစ်တတ်တဲ့ဈေးတွေဖြစ်နေပြီ”” ဟု မန္တလေးမြို့ ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသိန်းဇော်က ပြောသည်။

ရွှေဘိုပေါ်ဆန်းဆန်သည် ပြည်တွင်းစားသုံးသူများ အထူးကြိုက်နှစ်သက်သည့် ဆန်အမျိုးအစားဖြစ်ပြီး ယခုနှစ်အထွက်လျော့သည့်အတွက် လှောင်လက်များ ကြိုတင်ဝယ်ယူခြင်းနှင့် စားသုံးသူများမှ ကြိုတင်ဝယ်ယူစုဆောင်းထားမှုများကြောင့် ဈေးနန်းများ ဆက်တိုက်မြင့်တက်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ရွှေဘိုပေါ်ဆန်းဆန်  အမြင့်ဆုံးဈေးအဖြစ် သီတင်းကျွတ်အချိန်တွင် တစ်တင်းခွဲတစ်အိတ်လျှင် ကျပ် ၄၀၀၀၀ ခန့်သာ ဈေးပေါက်ခဲ့ရာ ယခုနှစ်ဈေးနှုန်းများမှာ များစွာမြင့်တက်နေခြင်းဖြစ်သည်ဟု ဆိုသည်။
ရွှေဘိုပေါ်ဆန်းဆန်နည်းတူ မနော်၊ ဧရာမင်း စသည့် ဆန်များလည်း ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေကြောင်း သတင်းရရှိသည်။

ဆန်စပါးဈေးများ ဆက်တိုက်မြင့်တက်နေသော်လည်း အထွက်လျော့ခဲ့သည့်အတွက် တောင်သူလယ်သမားများမှာ အဆင်မပြေကြောင်း၊ ထို့အတူ ဆန်စက်ပိုင်ရှင်များအနေဖြင့်လည်း ကြိတ်ခွဲလည်ပတ်နိုင်မှုနည်းပြီး အဆင်မပြေမှုများ ကြုံတွေ့နေရသည်ဟု ရွှေဘိုဒေသမှ စပါးစိုက်လယ်သမားများနှင့် ဆန်စက်ပိုင်များက ဆိုသည်။
““ပုံမှန်ဆို တစ်ဧကစပါး တင်း ၇၀ လောက် ထွက်ပေမယ့် ဒီနှစ် တစ်ဧကမှ စပါး ၁၄ တင်း၊ ၁၅ တင်းပဲ ထွက်တယ်။ တစ်ဧကကို   အနည်းဆုံး  စပါးတင်း ၄၀ လောက် ထွက်မှ အရင်းကျေတာ။ စပါးဈေးကောင်းပေမယ့် ဒီနှစ်ထွက်နှုန်းနဲ့ဆို စိုက်စရိတ်ရှုံးတယ်””ဟု ရွှေဘိုမြို့ပေါ်မှ လယ်ပိုင်ရှင်တစ်ဦးကပြောသည်။

ပြီးခဲ့သည့်မိုးရာသီ ရာသီဥတုဖောက်ပြန်မှုများကြောင့် ရွှေဘို၊ ဘုတလင်၊ ကန့်ဘလူ၊ ကျွန်းလှ၊ အရာတော်၊ ရေဦး စသည့် ဒေသများမှ စပါးစိုက်ခင်းများစွာ ပျက်စီးခဲ့ပြီး အထွက်နှုန်းလျော့ခဲ့ကြောင်း သတင်းရရှိသည်။

အရာတော်နှင့် ဘုတလင်မြို့နယ်များအတွင်းရှိ ထောင်ချီသော စပါးစိုက်ဧကများမှာ ဆည်ရေ အချိန်မီမရရှိခြင်းနှင့်  ရာသီဥတုဖောက်ပြန်မှုများကြောင့် စိုက်ပျိုးနိုင်မှုမရှိဘဲ အထွက်လျော့ခဲ့ကြောင်း၊ ထို့အတူ ရွှေဘို၊ ကျွန်းလှ၊ ကန့်ဘလူဒေသများတွင် ရာသီဥတုဖောက်ပြန်မှုကြောင့်  စပါးနှံများ မှိုရိုက်ခြင်း၊ မိုးသီးကြွေခြင်းများကြောင့် စပါးစိုက်ဧက ၉၀၀၀ ခန့် ပျက်စီးမှုရှိခဲ့ကြောင်း သတင်းရရှိသည်။

7day Daily