Home » » ဗိုလ်ချုပ်အောင်ဆန်း ကရင်ရွာသို့ရောက်ရှိစဉ် နေရေး၊ စားရေး တာဝန်ယူခဲ့ဖူးသည့် ကရင်အဘွားအိုကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ဗိုလ်ချုပ်အောင်ဆန်း ကရင်ရွာသို့ရောက်ရှိစဉ် နေရေး၊ စားရေး တာဝန်ယူခဲ့ဖူးသည့် ကရင်အဘွားအိုကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

Written By Unknown on Monday, January 20, 2014 | 3:40 PM

လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကပလီကျေးရွာသို့ ဗိုလ်ချုပ်အောင်ဆန်း ရောက်ရှိခဲ့စဉ်က နေထိုင်စားသောက်ရေးကို တာဝန်ယူခဲ့သည့် အသက်(၉၄)နှစ်အရွယ် ကရင်လူမျိုး အဘွားအို ဒေါ်နော်ဒါးအားကရင်ပြည်နယ်သို့  ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က ၎င်းနေထိုင်ရာနေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

၁၉၄၇ ခုနှစ် ဇန်န၀ါရီလက ကျရောက်ခဲ့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် ကပလီကျေးရွာသို့ စည်းလုံးရေးခရီးစဉ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း  လာရောက်ခဲ့စဉ်က အသက်နှစ်ဆယ်ကျော်အရွယ်ရှိ ဒေါ်နော်ဒါးက ဗိုလ်ချုပ်အောင်ဆန်း၏ စားသောက်ရေးကို တာဝန်ယူခဲ့ရခြင်းဖြစ်သည်။
““ဗိုလ်ချုပ်ဘာစားချင်လဲမေးတော့ ကရင်ရွာကိုရောက်တာဆိုတော့ ကရင်တာလပေါဟင်းစားချင်တယ်ပြောလို့ ကရင်တာလပေါဟင်းကို ချက်ကျွေးရတယ်””ဟု ဒေါ်နော်ဒါးက ပြောသည်။

ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းသည် နေထိုင်ရန်အတွက် ကြီးကြီးကျယ်ကျယ်စီစဉ်ခိုင်းခြင်းမရှိဘဲ ရွာ၏ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အရှေ့ဘက်ရှိ ပိန္နဲပင်အောက်တွင်ရှိနေသော တန်းလျားပေါ်တွင်သာ အိပ်စက်သွားခဲ့သည်ဟု အသက်(၉၄)နှစ်အရွယ်ရှိ ဒေါ်နော်ဒါးကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်နော်ဒါးတို့ တွေ့ဆုံမှုသည် ဆယ်မိနစ်ကျော် ကြာမြင့်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ၎င်းအား ကျန်းမာရေးဂရုစိုက်ရန်ပြောပြီး အခြားသောအကြောင်းအရာများကို အထူးအထွေ ပြောဆိုခဲ့ခြင်းမရှိဟု ဒေါ်နော်ဒါးက ပြောသည်။

ကပလီကျေးရွာတွင်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲတစ်ရပ် ဒေါ်အောင်ဆန်းစုကြည်က ပြုလုပ်ခဲ့သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကရင်တိုင်းရင်းသားခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်း တွေ့ဆုံခဲ့သည့် ကပလီကျေးရွာကို သမိုင်းသံယောဇဉ်အရ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယင်းဟောပြောပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါဟောပြောသို့ ဒေသခံပြည်သူလူထု နှစ်ထောင်ဝန်းကျင် တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တက်ရောက်လာသူများ၏ ၉၉ ရာခိုင်နှုန်းက ဆန္ဒပြုခဲ့ကြသည်။

Author:  ရန်မျိုးနိုင်

7day Daily