Home » » ထိုင်းဆန္ဒပြမှုအတွင်း သေဆုံးသူ ၉ ဦး ရှိပြီ

ထိုင်းဆန္ဒပြမှုအတွင်း သေဆုံးသူ ၉ ဦး ရှိပြီ

Written By Unknown on Monday, January 20, 2014 | 3:47 PM

ထိုင်းနိုင်ငံ ဘန်ကောက်မှာ နိုဝင်ဘာလကနေ စခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း အခုအထိ သေဆုံးသူ ၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

နိုင်ငံရေးသမားတွေ အချင်းချင်း သဘောထား ကွဲလွဲမှုတွေကို ဆွေးနွေးကြဖို့ စစ်တပ်က တိုက်တွန်းထားသလို နောက်ဆုံး ပေါက်ကွဲမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာဖို့ အလေးအနက်ထား စဉ်းစားနေတယ်လို့ လုံခြုံရေးအကြီးအကဲက ဒီနေ့ ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီ ၂၀ ရက်နေ့မှာတော့ ရာနဲ့ချီတဲ့ ဆန္ဒပြသမားတွေဟာ နိုင်ငံပိုင် ငွေစုဘဏ်ဆီကို ချီတက်ကြပါတယ်။

အစိုးရရဲ့ အကျင့်ပျက် လာဘ်စားတဲ့ အစီအစဉ်တွေမှာ ငွေထုတ်ပေးတာကို တားမြစ်ဖို့ ချီတက်ရတာလို့ ဆန္ဒပြခေါင်းဆောင်တယောက်က ပြောပါတယ်။

နိုင်ငံပိုင် ငွေစုဘဏ်ဆိုင်ရာ အလုပ်သမားသမဂ္ဂရဲ့ ဥက္ကဋ္ဌ လခ်ခေတ်ခရင်သနွမ်းကလည်း အစိုးရရဲ့ စပါးဝယ်ယူရေး အစီအစဉ်အတွက် ငွေစုဘဏ်ကနေ ဘယ်တော့မှ ငွေမထုတ် ပေးစေရဘူးလို့ ဆန္ဒပြသမားတွေကို အာမခံလိုက်ပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ဟာ စပါးဝယ်ယူရေးအစီအစဉ်မှာ ငွေတွေ အကြီးအကျယ် အရှုံးပေါ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ အမှု ရင်ဆိုင်နေရပါတယ်။

အဲဒီ အစီအစဉ်မှာ ၀န်ကြီးချုပ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အဂတိတိုက်ဖျက်ရေးအဖွဲ့က စုံစမ်းမယ်လို့ ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာထားပါတယ်။

စပါးဝယ်ယူရေး အစီအစဉ်ကြောင့် ယင်းလပ် ဦးဆောင်တဲ့ပါတီကို နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ပြည်သူတွေက အကြီးအကျယ် ထောက်ခံမှု ရခဲ့ပါတယ်။

တချိန်တည်းမှာပဲ စပါးဖိုး မရသေးတဲ့ လယ်သမားတွေကလည်း လမ်းတွေကို ပိတ်ဆို့ ဆန္ဒပြမယ်လို့ ကြုံးဝါးနေပါတယ်။

လမ်းလျှောက်ချီတက်သူ အရေအတွက် ကျဆင်းသွားပေမယ့် ဆန္ဒပြသမားတွေဟာ ၀န်ကြီးရုံးတချို့ကို ပိတ်ထားနိုင်သလို ၀န်ကြီးချုပ် ယင်းလပ်လည်း နေရာပြောင်းပြီး ရုံးထိုင် နေရပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၇နဲ့ ၁၉ နေ့မှာ ဆန္ဒပြသမားတွေကို အိမ်လုပ် လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်မှုအတွင်း ၁ ယောက်သေဆုံးပြီး ဒါဇင်နဲ့ချီပြီး ဒဏ်ရာရခဲ့ပါတယ်။

အခုလို ဖြစ်ပျက်နေတာကြောင့် အစိုးရက ကြေညာထားတဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ရွေးကောက်ပွဲကို ဦးစီး ကျင်းပပေးဖို့ ရွေးကောက်ပွဲကော်မရှင်က ငြင်းဆန်နိုင်တယ်လို့ လေ့လာ သုံးသပ်သူတွေက ခန့်မှန်းနေကြပါတယ်။

By ဒီဗွီဘီ