Home » » အသည်းနှလုံးသဏ္ဌာန် ရိဒ်ရေကန်မှ ခေါင်းလောင်းသံ

အသည်းနှလုံးသဏ္ဌာန် ရိဒ်ရေကန်မှ ခေါင်းလောင်းသံ

Written By Unknown on Thursday, January 2, 2014 | 2:33 AM

သိသိသာသာ ရေလျော့နည်း ခန်းခြောက်လာသော ထိုရေကန်ကြီး၏ အနာဂတ်အတွက် သူတို့ စိုးရိမ်ပူပန်လျက် ရှိသည်။ ထိုရေကန်မှာ ချင်းပြည်နယ် ဖလမ်းမြို့နယ် အတွင်းရှိ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အသည်းနှလုံး ပုံသဏ္ဌာန် ရိဒ်ရေကန်ပင် ဖြစ်သည်။

"နှစ်ပေါင်း ၃၀ အတွင်းမှာ ရိဒ် ရေကန်ဟာ အံ့သြစရာကောင်း လောက်အောင် ၁၂ ပေလောက်ထိ ခန်းခြောက် သွားခဲ့တယ်" ဟု ရိဒ်ဒေသ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအသင်း တည်ထောင်သူ ဦးလာလ်ဇာရမ်းက ဝမ်းနည်းစွာ ပြောဆိုသည်။

ကန်နံဘေးတွင် တွေ့မြင်နေရသည့် လယ်ယာမြေများ နေရာတွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်အတွင်းက ရေများ တည်ရှိခဲ့ပြီး လယ်ကန်သင်းရိုး ပေါ်မှပင် ခြေလှမ်းဆေး၍ ရသည်ဟု ၄င်းက ဆိုသည်။ ထိုကန် အနီးတွင် စိမ်းစိုလှပသော မိုးမခပင်များ ခြံရံကာပေါက်လျက် ရှိပြီး ထို မိုးမခပင် များတွင် ကွယ်လွန်ခဲ့ပြီးသော ဘိုးဘွားတို့၏ ဝိညာဉ်များ နေထိုင်ကြသည်ဟု ချင်းလူမျိုးများက ယုံကြည်ထားကြသည်။

အသည်းနှလုံး ပုံသဏ္ဌာန်ကြောင့် နာမည်ကျော်ကြားသော ရိဒ်ရေကန်ကို မည်သည့် အချိန်တွင် စတင် တည်ရှိခဲ့သည်ကို မသိရှိကြသော်လည်း ချင်းတောင်တန်းနှင့် အတူ ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံတို့က ယုံကြည်စွာ ပြောဆိုကြသည်။

မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၁၀ မိနစ် နှင့် ၂၃ ဒီဂရီ ၂၃ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၄ မိနစ် နှင့် ၉၃ ဒီဂရီ ၃၂ မိနစ်ကြား၊ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၂၉၆၆ တွင် တည်ရှိ သော အဆိုပါကန်ကို ဝိညာဉ်စောင့် နတ်ဘုရား ပူးရိဒ်အာ (Pu Riha) ၏ အမည်အား အစွဲပြုကာ ရိဒ်ရေကန် (RIH DIL)ဟု ခေါ်ဆိုကြောင်း၊ ရေကန်ပတ်လည် အနား ၂ ဒသမ ၅ မိုင်ရှိပြီး ပျမ်းမျှရေအနက် ပေ(၅၀)မှ အနက်ဆုံး ပေ(၆၀)ခန့်ရှိကြောင်း ရိဒ် ရေကန်သမိုင်း များတွင် ဖော်ပြထားသည်။

ကန်အနီးတစ်ဝိုက်တွင် နေထိုင်သူ များမှာ ဟိုယခင်က မီဇိုချင်းလူမျိုးများ ဖြစ်ပြီး ၄င်းတို့၏ အယူအဆအရ လူတစ်ဦးသေဆုံး သွားလျှင် ထိုသူ၏ ဝိညာဉ်သည် ဘဝကူးပြောင်းရန် အတွက် နောက်ဆံတင်းစွာဖြင့် ရိဒ် ရေကန်သို့ ရောက်လာပြီး ရေကန်အနီးသို့ အရောက်တွင် အတိတ်ဘဝမေ့ရည် “လုံးလို သွေး” (Long lo tui) ခေါ် စမ်းရေကြည်အား သောက်ကာ နောက်မလှည့်ပန်း (ဟိုလ်လိုပါးရ်) “Hoilopar” ခေါ် လှပသော ပန်းတစ်မျိုးအား ပန်ဆင်လိုက်သောအခါ လူ့ပြည်၊ လူ့ဘဝအား တမ်းတသတိရစိတ်များ ပျောက်ကွယ်သွားပြီး လွတ်လပ် ပျော်ရွှင်စွာ ရေကန်သို့ ဆင်းသွားခဲ့သည်ဟု ယုံကြည်ကြသည်။

ယနေ့အထိ မီဇိုချင်းလူမျိုး များ၏ သီချင်း၊ ကဗျာများတွင် “သေဆုံးသည်” ဟူသော စကားအစား “ရိဒ်ရေကန်သို့ သွားသည်”ဟု သုံးနှုန်းကြောင်း၊ တေးသီချင်းများ ရေးစပ်ကြရာတွင် “မိမတိုင်၊ ဖမတိုင်ဘဲ ရိဒ်ရေကန်သို့ သွားရမလား၊ ရိဒ်ရေကန်သို့ သွားရန် မည်သူက ခွင့်ပြုသလဲ” ဟုအဓိပ္ပာယ် ရသော အလွမ်းတေးများ ရေးဖွဲ့သီဆိုလေ့ ရှိကြောင်း အဆိုပါသမိုင်းတွင် ဖော်ပြထားသည်။ "ထူးခြားချက်ကတော့ ကန်ရေက အမြဲသန့်ရှင်းတယ်။ ရေတွေဘာတွေ ချိုးပြီး ဆပ်ပြာရေတွေ ရှိလည်း ခဏလေးနဲ့ သန့်သွားတယ်" ဟု ရိဒ်သို့ သွားရောက်ခဲ့ဖူး သူများက ပြောကြားသည်။

ရိဒ်ရေကန်မှာ ထူးခြားချက် လေးချက်ရှိကြောင်း ရိဒ်သမိုင်းများတွင် ဖော်ပြထားသည်။ ယင်းတို့မှာ မိုးရာသီ တောင်ပေါ်ဒေသမှ မိုးရေများ စီးဝင်လာချိန် အသည်းပုံသဏ္ဌာန် ပျက်မည့် အခြေအနေ ဖြစ်ပေါ်လာပါက ကန်၏အရှေ့တောင်ဘက် တောင်ကုန်းအောက်ရှိ သဘာဝမြေအောက် လိုဏ်ခေါင်းမှ တစ်ဆင့်ရေများ ဒလဟော သွန်ချသကဲ့သို့ စီးဆင်းသွားခြင်း၊ တစ်နှစ် ပတ်လုံး ကန်ရေပြင်ကြည်လင်ပြီး အအေး ဓာတ်လွန်ကဲသော ဆောင်းရာသီ ဒီဇင်ဘာလ နောက်ပိုင်းတွင် ကန်ရေ ရဲရဲနီသည်အထိ နောက်လေ့ရှိခြင်း၊ ကန်ရေပြင်ပတ်လည် အနားတွင် ဝိညာဉ်ခြံစည်းရိုးပင် ဟုခေါ်သော မိုးမခပင်များ စနစ်တကျ စိုက်ပျိုးထားသကဲ့ သို့ သဘာဝအတိုင်း ပေါက်ရောက်ခြင်း၊ အကြောင်း တစ်ခုခုကြောင့် ရေကန်အတွင်း ရေနစ်သေဆုံးပါက ရေပေါ်သို့ ပြန်လည်ပေါ် ထွက်လာချိန် အခြားမြစ်၊ ချောင်းများတွင် ကဲ့သို့ မဟုတ်ဘဲ “မတ်ရပ်” အနေအထားဖြင့် သာ ကန်မျက်နှာပြင်ပေါ်သို့ ပြန်ပေါ်ခြင်း တို့ဖြစ်ကာ ယင်းအချက်များကို ဒေသခံတို့ ကလည်း ထောက်ခံကြသည်။

"ကျွန်တော်တို့ လက်ထက်မှာတော့ ကန်ထဲ လူသေတာ မရှိခဲ့ဖူးတဲ့အတွက် ဘယ်လို ပေါ်မလဲ ဆိုတာတော့ မသိဘူး။ ကျန်တဲ့ အချက်သုံးချက်ကတော့ မှန်တယ်" ဟု ရိဒ်ရေကန် အနီးတွင် ခြောက်နှစ်ကြာ နေထိုင်ခဲ့သူ ဦးကံလှက ထောက်ခံ ပြောဆိုသည်။

၁၉၄၂ ခုနှစ်မှ ၁၉၅၀ ပြည့်နှစ် ကြားကာလများတွင် ရိဒ်ရေကန်၏ ပတ်လည်တွင် လယ်ကွင်းများ တူးဖော်ခဲ့စဉ်က ဆင် သွား၊ ဆင်စွယ်၊ ဆင်အရိုးများ မကြာခဏ တွေ့ရှိခဲ့ကြသဖြင့် ရိဒ်ရေကန် အနီးတွင် တစ်ချိန်က ဆင်သင်္ချိုင်းဖြစ်ခဲ့မည်ဟု ယုံကြည်ကြသည်။ အာသံပြည်နယ်မှ သူဌေး တစ်ဦးက ကန်ကို ခြောက်ခန်းအောင် ဖောက်ချရန် ကြံစည်ခဲ့ဖူးပြီး ကန်တောင် ဘက်တွင် ရေမြောင်းကြီးတစ်ခု တူးဖော်စေရာ အလုပ်သမားများ အနှောင့်အယှက် မျိုးစုံကြုံတွေ့ကာ သေသူသေ၊ ဖျားသူဖျား ဖြစ်ကုန်သဖြင့် လက်လျှော့ခဲ့ရကြောင်း၊ ယင်းတူးဖော်ခဲ့သော နေရာကို ကုလားမြောင်း ချောက်ဟု ခေါ်ဆိုကြောင်း ရိဒ် သမိုင်းများတွင် ဖော်ပြထားချက်အရ သိရသည်။

ရိဒ်ရေကန်၏ နံဘေးတွင် သဘာဝ တောထိန်းနယ်မြေ ၁၄၅၄ ဧကဟု ရေးထားသော ဆိုင်းဘုတ်တစ်ခုရှိပြီး လိုက်နာမှု အားနည်းသဖြင့် နှစ် ၃၀ အတွင်း ကန်ရေမှာ သိသိသာသာ ခြောက်ခန်းလာခြင်း ဖြစ်ကြောင်း ဦးလာလ်ဇာရမ်းက ပြောကြားသည်။

ချင်းပြည်နယ် အစိုးရသည် ၂၀၁၃ ခုနှစ်အတွင်း ချင်းပြည်နယ်တွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေများ အဖြစ် သတ်မှတ်ခဲ့ရာ ရိဒ်ရေကန် သည်လည်း အပါအဝင် ဖြစ်ပြီး ရေကန်ဝန်းကျင် ၈၃၂ ဧကကို ထိန်းသိမ်းမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ရေဝေရေလဲဧရိယာ အဖြစ် ထိန်းသိမ်း စောင့်ရှောက်မည်ဖြစ်သည်။

"ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးမှု အရ ၂၉၂ ဧကက လယ်ယာမြေနဲ့ မလွတ်ကင်း တဲ့အတွက် ဒေသခံတွေက သဘော မတူလို့ အဲဒါတွေကို ဖယ်ထုတ်ပြီး ကျန်တဲ့ ၅၄၀ ဧကကိုပဲ ထိန်းသိမ်းသွားမှာပါ" ဟု ချင်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်းက ပြောကြားသည်။

ရိဒ်ရေကန်နံဘေးရှိ သစ်တောကြီး များမှာ ဘေးဘိုးစဉ်ဆက် ထိန်းသိမ်းခဲ့သော သစ်တောကြီးများ ဖြစ်ပြီး မိမိတို့အပါအဝင် ရိဒ်ဝန်းကျင် နေထိုင်သည့်သူများမှာ ထင်းအဖြစ် ခုတ်ယူခြင်း မရှိကြောင်း၊ ကန်နံဘေး တွင်လည်း စွန့်ပစ်အမှိုက်များ မရှိရန် ထိန်းသိမ်းပေးကြောင်း ရိဒ်ရေကန်အနီး တွင် ဖွင့်လှစ်ထားသော ရိဒ်ကန်သာ စားသောက်ဆိုင်ပိုင်ရှင် ဦးကံလှက ပြောဆိုသည်။ ယင်းအပြင် တစ်နှစ်ပတ်လုံး ကြည်လင်သော ကန်ရေမှာလည်း ဒီဇင်ဘာ လရောက်လျှင် ထူးခြားစွာ အနီရောင်သန်း လာကြောင်း၊ ရေကန်မှ ခပ်ယူသွားသော ရေများလည်းလိုက်၍ အနီရောင်သန်း ကြောင်း၊ ယင်းကဲ့သို့ အနီရောင်သန်းကာ ရေနောက်ခြင်းမှာ ကန်အားစောင့်ကြပ် သော နဂါးများ မိတ်လိုက်မြူးထူးချိန် ဖြစ်၍ လည်းကောင်း၊ နတ်ဆေးပေးချိန် ဖြစ်၍ နောက်သည်ဟူ၍ လည်းကောင်း ဒေသခံ များအကြား အမျိုးမျိုး ပြောဆိုကြသော်လည်း ကန်ရေမှာ နှစ်စဉ် အနီရောင်သန်းကာ နောက်စမြဲဖြစ်သည်။

"ကျွန်တော်တို့ ရောက်ခဲ့တော့ ကန်ရဲ့ ကမ်းစပ်တွေဟာ ပြုပြင်မဲ့ ဖြစ်နေတာ တွေ့ရတယ်။ ကမ်းစပ်ဟာ ညစ်ပွရှုပ်ပေနေပြီး သန့်ရှင်းမှု အားနည်းတယ်" ဟု ရိဒ်ရေကန်သို့ သွားရောက်ခဲ့သူ ကလေး ဒေသခံတစ်ဦးက သူ၏အမြင်ကို ပြောဆိုသည်။

ချင်းပြည်နယ် မြောက်ပိုင်း၏ ကျက်သရေဆောင်ဒေသ သင်္ကေတ ဖြစ်လာသော ယင်းရေကန်သို့ ပြည်တွင်းခရီးသွားများ တစ်စထက်တစ်စ တိုးတက်လာရောက် လည်ပတ်ကြသည်။ ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စားရာ နေရာတစ်ခုဖြစ်သော ရိဒ် ရေကန်ကို ထိန်းသိမ်း စောင့်ရှောက်ထား ခြင်းဖြင့် လာရောက်လည်ပတ်သူ များပြားကာ ပြည်နယ်၏ ဝင်ငွေတိုးလာမည်ဖြစ် ကြောင်း ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးနန်ဇမုန်က ပြောဆိုသည်။

"လမ်းကိုလည်း ကောင်းအောင် ပြုပြင်ပေးသင့်တယ်။ ကန်ကို ဘယ်လိုပဲ ပြုပြင်ပြုပြင် လမ်းမကောင်းရင် ဘယ်သူမှ လာမှာမဟုတ်ဘူး။ ကျွန်တော်တို့က နေ့တိုင်းမောင်းနေရတာ ဆိုတော့ ဒီလမ်းရဲ့ အန္တရာယ်ကို ကောင်းကောင်းသိတယ်" ဟု ကလေး-ရိဒ် ပြေးဆွဲနေသော ပြည်ချစ်သား ခရီးသည်သီးသန့် ပို့ဆောင်ရေးမှ ယာဉ်မောင်းတစ်ဦးက ဆိုသည်။

ရိဒ်သို့ သွားလိုလျှင် ကလေး-တီးတိန်-ရိဒ် လမ်းအတိုင်း သွားနိုင်ပြီး ၅၇ မိုင် ရှည်လျားသော ကလေး-တီးတိန်လမ်း သည် မိုးတွင်းမှ လွဲလျှင် သွားလာရ လွယ်ကူကာ မိုင် ၃၀ ရှိသည့် တီးတိန်-ရိဒ်လမ်းမှာ ပြေးတက်၊ ပြေးဆင်းဟု ခေါ်သော မတ်စောက်သည့် အတက်၊ ကုန်းလျှောများဖြင့် ပြည့်နှက်ပြီး အန္တရာယ်များပြားသဖြင့် သတိထားကာ သွားလာရသော လမ်းဖြစ်သည်ဟု မော်တော် ယာဉ်လိုင်းများက ပြောဆိုသည်။

ရိဒ်ရေကန်သည် ချင်းလူမျိုးတို့၏ အမျိုးသား အမွေအနှစ်၊ ဂုဏ်ယူဖွယ် နေရာ တစ်ခုဖြစ်ပြီး ပြည်နယ်ဝင်ငွေ တိုးတက်စေမည့် စိတ်ဝင်စားဖွယ် လာဘ်ခေါ်ရေကန် တစ်ခု ဖြစ်သော်လည်း သက်ဆိုင်ရာ အစိုးရ၏ စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ယခု အချိန်ထိ ရေကန်သို့ လာရောက်လည်ပတ်သူ မည်မျှရှိသည်၊ မည်သည့်နေရာက လာရောက်သည်၊ ကန်၏ဝင်ငွေ မည်မျှရှိပြီ စသည့် မှတ်တမ်းများ မရှိသည်မှာ ဝမ်းနည်းဖွယ် ကောင်းကြောင်း ရိဒ်ဒေသ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အသင်းက ထောက်ပြ ပြောဆိုသည်။

ရိဒ်ရေကန်သို့ အဓိက လာရောက် လည်ပတ်သူများမှာ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ဘက်မှ ဖြစ်ပြီး ရာသီဥတု သာယာသော ကာလများတွင် တစ်ရက်လျှင် ကားစီးရေ ၅၀ ခန့် ရှိကြောင်း၊ အချို့မှာ အလည်အပတ်၊ အချို့မှာ ကျန်းမာရေးအရ လေကောင်းလေသန့် ရပြီး နေထိုင်ကောင်းသော ဒေသ ဖြစ်၍ လာကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စိတ်ဝင်စားဖွယ် ရိဒ်ရေကန် အကြောင်းကို အိန္ဒိယနိုင်ငံမှ ချင်းလူမျိုး အများစုနေထိုင်သည့် မီဇိုရမ်ပြည်နယ်တွင် သင်ကြားသော မူလတန်းအဆင့် သမိုင်း ဘာသာရပ်တွင် အောက်ပါအတိုင်း သင်ကြားစေသည်ဟု သိရသည်။

“Mizorama dil lianber chu Rihlil a nia, mahse Burma rama a awm”
မီဇိုရမ်ပြည်နယ်တွင် အကြီးဆုံးသော ရေအိုင်သည် ရိဒ်ရေအိုင် ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် တည်ရှိသည်။

Written by  မြတ် (ကလေး)
The Voice Weekly