Home » » ကယားပြည်နယ်ရှိ ကျတ်ဂူကို ခရီးသွား နေရာသစ်အဖြစ် ဆောင်ရွက်မည်

ကယားပြည်နယ်ရှိ ကျတ်ဂူကို ခရီးသွား နေရာသစ်အဖြစ် ဆောင်ရွက်မည်

Written By Unknown on Thursday, January 2, 2014 | 2:41 AM

ကယား၊ ဒီဇင်ဘာ ၃၁

ကယားပြည်နယ် လွိုင်ကော်မြို့၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် ကျတ်ဂူဟု လူသိများသည့် နေရာကို ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ သွားလာနိုင်သော ခရီးစဉ် ဒေသသစ်တစ်ခု အဖြစ် ဆောင်ရွက်လျက် ရှိကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

ကျတ်ဂူကိုဒေသ၏ ပါးစပ်ရာဇဝင်အရ ၁၉၆၀ ပြည့်နှစ် ဝန်းကျင်ခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ပြည်နယ် အစိုးရအဖွဲ့က လွန်ခဲ့သည့် ငါးလခန့်မှစတင်၍ သွားလာရေး လွယ်ကူစေရန် လမ်းဖောက်ခြင်း၊ ပြုပြင် ဆောင်ရွက်ခြင်းများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိန်ဦးက ဆက်လက် ပြောကြားသည်။
“အရင်က ဒီနေရာ လမ်းမကောင်းတော့ လာတဲ့သူ အရမ်းနည်းတယ်။ ခုလမ်းတွေလည်း ဖောက်နေတယ်။ ဂူထဲကို ခရီးသွားတွေ ဝင်ကြည့်ရတာ အဆင်ပြေအောင် ပေ ၁၈၀၀ လောက်ထိ မီးကြိုး သွယ်ထားပါတယ်။ ဒီလို ထူးခြားတဲ့ အခေါင်းတွေနဲ့ လိုဏ်ဂူ ရှိနေတာကို ပြည်သူတွေ သိစေချင်ပါတယ်။ ကမ္ဘာကိုလည်း သိစေချင်ပါတယ်။ ဒါမျိုး ဖိလစ်ပိုင်မှာလည်း ရှိတယ်” ဟု ၎င်းကဆိုသည်။

ကျတ်ဂူတွင် ခုနစ်ပေ ရှစ်ပေခန့်ရှိသည့် သစ်သား အခေါင်းများသည် ပေ ၃၀၊ ၄၀ ခန့် မြင့်သော ဂူမျက်နှာကြက် လိုဏ်ခေါင်း အလွတ်များပေါ်တွင် ရှိနေခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် သစ်သားအခေါင်း ၁၅၀ ခန့် တွေ့ရှိထားသော်လည်း လိုဏ်ဂူ၏ အကျယ်အဝန်းကို အတိအကျ တိုင်းတာနိုင်ခြင်း မရှိသေးကြောင်း ၎င်းထံမှ သိရသည်။

ကျတ်ဂူအတွင်းရှိ အခေါင်းများကို မည်သည့် ခေတ်ကာလက ဖြစ်သည်ကို သုတေသန ပြုလုပ်နိုင်ရန် ရှေးဟောင်း သုတေသန ဦးစီးဌာနသို့ အကြောင်းကြားထားခြင်း မရှိသေးကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ ဘတ်ဂျက်ဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်နိုင်ဝင်းက ပြောကြားသည်။
“ဝန်ကြီးဖိတ်လို့ လွိုင်ကော်ဘူမိ ဗေဒတက္ကသိုလ်က လူတွေတော့ လာကြည့်သွားတာရှိတယ်။ ရှေးဟောင်း သုတေသန ဦးစီးဌာနကိုတော့ အကြောင်းကြားထားတာ မရှိသေးဘူး။ ဒီဂူကြီးက ဘယ်ခေတ် ဘယ်ကာလကဆိုတာ သေချာသုတေသန လုပ်သင့်တယ်ထင်လို့ ဝန်ကြီးတို့ကို တင်ပြ သွားမှာပါ” ဟု ၎င်းကဆိုသည်။

ကျတ်ဂူအပြင် ပြည်တွင်း ခရီးသွားများနှင့် နိုင်ငံခြား ခရီးသွားများကို ဆွဲဆောင်နိုင်ရန် ကယားပြည်နယ် ဒီးမောဆိုးမြို့ရှိ ဒွေးမယ်နော် ခုနစ်ဖော်ရေချိုးကန်ဟု လူသိများသည့် ကန်ခုနစ်ဆင့် ရေကန်၊ လွိုင်ကော်မြို့ရှိ ထီးပွင့်ကန်၊ ငွေတောင်ဆည် တို့ကိုလည်း အဆင့်မြှင့်တင်ခြင်း သွားလာရ လွယ်ကူစေရန် ပြုပြင်နေကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
“ကယားပြည်နယ်က အရင်က သွားလာဖို့ ပိတ်ထားတော့ ခရီးသွားတွေ အနေနဲ့က အသစ်အဆန်းဆိုတော့ စိတ်ဝင်စားကြတယ်။ ကျတ်ဂူအပြင် အခြားနေရာတွေကို ပြုပြင်တဲ့နေရာမှာ သဘာဝအတိုင်း ဖြစ်ဖို့ မပျက်စီးဖို့ အရေးကြီးပါတယ်။

ဆွဲဆောင်မှုရှိဖို့လည်း လိုပါတယ်။ ဒါဟာ ကယားပြည်နယ် တိုးတက်မှုအတွက် အထောက်အကူ ဖြစ်လာမှာပါ” ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ပြောကြားသည်။

The Voice Weekly