ဂျပန်-အာဆီယံ ညီလာခံအတွင်း မြန်မာနိုင်ငံကို ဂျပန်နိုင်ငံက ဂျပန်ယမ်းငွေ ဘီလီယံ ၆၀ ချေးဌားကြောင်း ဂျပန်ဝန်ကြီးချုပ်က ကြေညာဖို့ရှိနေပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဦး ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ကူညီဖို့အတွက် ချေးဌားမှာ ဖြစ်ပါတယ်။
တိုကျိုမြို့မှာ ဒီကနေ့ ကျင်းပမယ့် ဂျပန်-အာဆီယံ ညီလာခံကို သမ္မတဦးသိန်းစိန်ကလည်း တက်ရောက်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ ဆေးပညာပိုင်းဆိုင်ရာမှာ ကူညီဖို့အတွက် ဂျပန်နဲ့ မြန်မာအကြား နှစ်နိုင်ငံ သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးဖို့ ရှိပြီး လာမယ့် တနင်္ဂနွေနေ့လောက်မှာ လက်မှတ်ရေးထိုးနိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းက မြန်မာနိုင်ငံကို လည်ပတ်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေဟာ မြန်မာနိုင်ငံကို ဂျပန်ယမ်းငွေ ဘီလီယံ ၉၀ ချေးဌားမယ်လို့ ကတိပေးခဲ့ပြီး ခုတစ်ခါ ထပ်မံ ချေးဌားလိုက်တဲ့အတွက် မြန်မာနိုင်ငံ စီးပွားရေးတိုးတက်ဖို့ ဂျပန်နိုင်ငံရဲ့ ကူညီမှုက ယမ်းငွေ ၁၅၀ ဘီလီယံ ရှိလာမှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ခုလို မတန်တဆ အကူအညီတွေ ပေးနေတာဟာ မြန်မာစီးပွားရေးမှာ တရုတ်ချေဆန့်နေတာကို ချိန်ခွင့်သျှာညှိလိုတဲ့အတွက်နဲ့ ဂျပန်စီးပွားရေးတွေ မြန်မာပြည်ထဲ ဝင်နိုင်အောင် လုပ်ဆောင်တာလို့ သုံးသပ်နေကြပါတယ်။
ဂျပန်နိုင်ငံက ချေးဌားတဲ့ ငွေကြေးအများစုကို ရန်ကုန်မြို့ပြင်ရှိ သီလဝါအထူးစီးပွားရေးဇုံ စီမံကိန်းအတွက် အများဆုံး အသုံးပြုမှာဖြစ်ပြီး အဲဒီစီးပွားရေးဇုံမှာ ဂျပန်နိုင်ငံက ရင်းနှီးမြုပ်နှံမှုတွေ လုပ်ထားပါတယ်။
မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းတွေအပြင် ဆေးရုံတွေတည်ဆောက်ပေးမှာဖြစ်သလို မြန်မာနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေကိုလည်း သင်တန်းတွေ ပေးသွားဖို့ရှိသလို စိုက်ပျိုးရေးကဏ္ဍနဲ့ တိုင်းရင်းသားအရေးတွေမှာလည်း ကူညီလုပ်ဆောင်ဖို့ရှိတယ်လို့ ကျိုဒိုးသတင်းအရ သိရပါတယ်။
ဂျပန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ထောက်ပံ့ကူညီမှုတွေ လုပ်နေသလို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်း လာမယ့် ငါးနှစ်အတွင်း ဂျပန်ယမ်းငွေ ဘီလီယံ ၃၀၀ ကူညီမယ်လို့ ကြေညာဖို့ရှိပါတယ်။
အာဆီယံဒေသတွင်း သဘာဝကပ်ဆိုးတွေရဲ့ ရန်ကို ကာကွယ်ထိန်းသိမ်းဖို့အတွက် အဓိက ကူညီပေးသွားဖို့ ဖြစ်ပါတယ်။
ABC Radio Australia