Home » » အမျိုးသားနေ့တွင် NLD က တစ်နိုင်ငံလုံးရှိ ပါတီရုံးများတွင် စာကြည့်တိုက်ဖွင့်မည်

အမျိုးသားနေ့တွင် NLD က တစ်နိုင်ငံလုံးရှိ ပါတီရုံးများတွင် စာကြည့်တိုက်ဖွင့်မည်

Written By Unknown on Wednesday, November 20, 2013 | 9:04 PM

ရန်ကုန် (မဇ္ဈိမ)။   ။   လာမည့် နိုဝင်ဘာ ၂၇ တွင်ကျရောက်မည့် ၉၃ နှစ်မြောက် အမျိုးသားနေ့တွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ပါတီရုံးများတွင် စာကြည့်တိုက်ဖွင့်သွားမည်ဟု NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ၏ လူငယ်စာကြည့်တိုက်ဖြစ်မြောက်ရေး ဗဟိုကော်မတီမှ တာဝန်ခံ ဦးခင်ဇော်လင်းက နိုဝင်ဘာ ၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ဗဟုသုတတွေ အဖက်ဖက်က မြင့်မားလာဖို့ဆိုတာ စာအုပ်စာပေတွေကရမှာပဲလေ။ ဒါတွေကို စာဖတ်တဲ့အခါကျတော့ အဖက်ဖက်က တိုးတက်လာအောင် ထောက်ပံ့ကူညီပေးတဲ့သဘောပဲ။ ပါတီလုပ်ငန်းလုပ်သလို လူထုအကျိုးပြုလုပ်ငန်းပါပူးတွဲလုပ်တဲ့သဘောနဲ့ ဒါကိုစလုပ်တာပါ” ဟု သူက ပြောသည်။

စာကြည့်တိုက်များတွင် ထားရှိမည့် စာအုပ်များမှာ ပါတီနှင့်သက်ဆိုင်သည့် စာအုပ်များသာမကဘဲ ဒေသအလိုက် စာဖတ်မည့်သူများနှစ်သက်မည့် စာအုပ်များကို ထားရှိသွားမည်ဟုလည်း ဆိုသည်။

“တစ်နေရာနဲ့တစ်နေရာတော့ မတူဘူးပေါ့။ တစ်ချို့ကျတော့လည်း ကျန်းမားရေးနဲ့ပတ်သက်တဲ့စာအုပ်၊ တစ်ချို့ကျတော့လည်း ဖက်ရှင်၊ ပညာရေး၊ နိုင်ငံရေး အစရှိသဖြင့်ပေါ့။ သူ့နေရာနဲ့သူ ဖတ်အားပိုများ မယ့် စာအုပ်တွေကို ထားပေးသွားမှာပါ” ဟု ဦးခင်ဇော်လင်းက ပြောသည်။

တိုင်း/ပြည်နယ်အသီးသီးရှိ စာကြည့်တိုက်များတွင် တာဝန်ယူမည့် စာကြည့်တိုက်မှူးများကိုလည်း အမေရိကန်စင်တာမှ နိုင်ဝင်ဘာ ၁၈ ရက်ကစပြီး စာကြည့်တိုက်နှင့်ပတ်သက်သည့် သင်တန်းပို့ချပေးနေပြီဖြစ်သည်။

စာကြည့်တိုက်များတွင် ထားရှိမည့် စာအုပ်များကိုလှူဒါန်းနိုင်မည့် အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက် ထားသလို ပြည်သူအတွက် အကျိုးရှိမည့် စာအုပ်ဖြစ်ပါက မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်က လှူဒါန်းသည်ဖြစ်စေ လက်ခံသွားမည်ဟုလည်း ဦးခင်ဇော်လင်းက ရှင်းပြသည်။

“နိုင်ငံအတွက် အကျိုးပြုမယ့် စာအုပ်စာတမ်းတွေဆိုရင် လက်ခံသွားမှာပါ။ အဓိကကတော့ ပါတီက ဦးဆောင်ပြီးဖွင့်တယ်ဆိုပေမယ့် လူထုစာကြည့်တိုက်တစ်ခု ဖြစ်စေချင်တယ်”ဟု ဦးခင်ဇော်လင်းက ဆိုသည်။

လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ်အတွင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေဖြင့် လှူဒါန်းထားသည့် ရွေ့လျား စာကြည့်တိုက်များ (Mobile Libraries) ဖွင့်လှစ်ထားသည်။

Written by  မင်းမင်း

Mizzima - News in Burmese