Home » » ယဉ်ကျေးမှုအမွေအနှစ် ဒေသများတွင် ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ခွင့်ပြုချက်မယူဘဲ လုပ်ကိုင်သည့် ဟိုတယ်နှင့် စက်မှုလုပ်ငန်းများကို အရေးယူမည်

ယဉ်ကျေးမှုအမွေအနှစ် ဒေသများတွင် ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ခွင့်ပြုချက်မယူဘဲ လုပ်ကိုင်သည့် ဟိုတယ်နှင့် စက်မှုလုပ်ငန်းများကို အရေးယူမည်

Written By Unknown on Friday, November 15, 2013 | 1:42 PM

ကမ္ဘာလှည့်ခရီးသည် အများဆုံးသွားရောက်သည့် ပုဂံ၊ မြောက်ဦး၊ သရေခေတ္တရာနှင့် အင်းဝ အပါအ၀င် ယဉ်ကျေးမှုအမွေအနှစ် ဒေသများတွင် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ မတင်ပြဘဲ ဟိုတယ်နှင့် အခြားစက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်သည့် ကုမ္ပဏီများ ကို အရေးယူမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေး နယ်မြေအတွင်း ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း၊ တည်ဆောက်ရန်အတွက် မြေနေရာများရှင်းလင်းခြင်း၊ ၀င်းခြံများကာရံခြင်း၊ ၀င်းခြံကာရံရန်တိုင်များ စိုက်ထူခြင်းတို့ကို တွေ့ရှိရသဖြင့် အရေးယူမည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရရှိသည်။
““ဌာနက ဒီနေရာဟာ ယဉ်ကျေးမှုကို ထိခိုက်သလား၊ မထိခိုက်သလား အဆင့်ဆင့်စိစစ်ရတယ်။ စိစစ်ပြီးတော့ ငြင်းခွင့်ရှိသလို၊ ခွင့်ပြုခွင့်လည်းရှိတယ်။ ဥပဒေမှာ ပြဋ္ဌာန်းပြီးသား””ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ကုမ္ပဏီများနှင့် ယဉ်ကျေးမှုဇုန်အတွင်း နေထိုင်သူများ အခြေခံအဆောက်အအုံများ တိုးချဲ့ခြင်းနှင့် ပတ်သက်ပြီး ၀န်ကြီးဌာနသို့ တင်ပြရန် ၁၉၉၈ ခုနှစ်ကတည်းက ဥပဒေများဖြင့် ပြဋ္ဌာန်းထားသည်။ အဆိုပါ ဥပဒေကို ၂၀၀၉ နှင့် ၂၀၁၁ ခုနှစ်များတွင် ပြန်လည်ပြင်ဆင်ဥပဒေနှင့် နည်းဥပဒေများ ထုတ်ပြန်ခဲ့ပြီး ယင်းဥပဒေတွင်လည်း ၀န်ကြီးဌာနသို့ တင်ပြရမည်ဟု အပိုဒ် ၂ တွင် ပြဋ္ဌာန်းထားသည်။ တားမြစ်ချက် ကျူးလွန်သူများကို ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ အခန်း(၇)တွင် ပြဋ္ဌာန်းထားသည့် ပြစ်မှုပုဒ်မတစ်မှုချင်းစီအလိုက် အရေးယူသွားမည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

တစ်နိုင်ငံလုံးတွင် ယဉ်ကျေးမှုအမွေအနှစ် ဒေသ ၄၆ ခု ရှိသည်။

7day Daily