Home » » နေပြည်တော် အခြေခံဥပဒေ ဆန္ဒခံယူပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

နေပြည်တော် အခြေခံဥပဒေ ဆန္ဒခံယူပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

Written By Unknown on Friday, November 15, 2013 | 1:38 PM

မန္တလေး၊ နိုဝင်ဘာ ၁၄

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် နေပြည်တော် ဇမ္ဗူသီရိကွင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက The Voice သို့ ပြောကြားသည်။
“ဒေါ်စုက နေပြည်တော်နဲ့ မန္တလေးတိုင်းက NLD အဖွဲ့ဝင်တွေ အကုန်လုံးကို တွေ့ဆုံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအကြောင်း ရှင်းပြမယ်။ ပြီးရင် သဘောထား တောင်းခံမယ်” ဟု ဦးတင်ထွဋ်ဦးက ဆိုသည်။

အဆိုပါ အခမ်းအနားသို့ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်များ တက်ရောက်ကြမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထောက်ခံသူများကို မှတ်တမ်းတင်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီထံသို့ ဒီဇင်ဘာလ ၈ ရက်နေ့ နောက်ဆုံးထား ပေးပို့သွားမည် ဖြစ်ပြီး ယင်းနောက် လွှတ်တော် အတွင်းရှိ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် သုံးသပ်ရေး ကော်မတီသို့ တင်ပြမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အဲဒီ ရှင်းလင်းပွဲတွေမှာ အသစ်ရေးဆွဲဖို့ ဆန္ဒရှိလား၊ ပြင်ဆင် ဖြည့်စွက်ရင် ဆန္ဒရှိသလား မေးတယ်၊ ပြီးတော့သူတို့က ဆန္ဒပြုကြတယ်၊ အသစ်ရေးဆွဲဖို့ ဆန္ဒပြုသူတွေက အင်မတန် နည်းပါတယ်” ဟု ဥပဒေပညာရှင် ဦးအောင်သိန်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးရှိ မန္တလေး၊ ပြင်ဦးလွင်နှင့် ကျောက်ဆည်မြို့တို့ ၌ အောက်တိုဘာလ ၁၄ ရက်နေ့၊ မြင်းခြံမြို့၌ အောက်တိုဘာလ ၁၅ ရက်နေ့၊ ရမည်းသင်း၊ နေပြည်တော်နှင့် မိတ္ထီလာခရိုင်တို့၌ အောက်တိုဘာလ ၁၆ ရက်နေ့တို့၌ မန္တလေးတိုင်းဒေသကြီး NLD အဖွဲ့နှင့် ဥပဒေပညာရှင် ဦးအောင်သိန်းတို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ ရှင်းလင်းပွဲများ ပြုလုပ်၍ သဘောထားဆန္ဒ ရယူခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

The Voice Weekly