Home » » ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြေယာများ ရောင်းမှား၊ ၀ယ်မှားမဖြစ်ရန် သတိပြုသင့်

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြေယာများ ရောင်းမှား၊ ၀ယ်မှားမဖြစ်ရန် သတိပြုသင့်

Written By Unknown on Friday, November 15, 2013 | 1:44 PM

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသများရှိ ဇုန်သုံးဇုန်အနက် ကာကွယ်ထိန်းသိမ်းရေးဇုန်တစ်ခုကိုသာ စိစစ်ပြီး အထိုက်အလျောက်ခွင့်ပြုပေးနေသဖြင့် ရောင်းမှား၊ ၀ယ်မှား မဖြစ်စေရန် သတိပြုသင့်သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ကမ္ဘာလှည့်ခရီးသည်များ လာရောက်သည့် ပုဂံ၊ အင်းဝ၊ မြောက်ဦး၊ သရေခေတ္တရာ၊ မင်းကွန်း စသည့် ယဉ်ကျေးမှုအမွေအနှစ်ဇုန်များအတွင်း ရင်းနှီးမြှုပ်နှံမှုအဖြစ် လုပ်ငန်းရှင်များက မြေယာများ လိုက်လံဝယ်ယူမှုများရှိနေကာ မြေယာဈေးနှုန်း အလွန်မြင့်တက်ခြင်းနှင့် ငွေထုပ်ပိုက် ၀ယ်ယူသူများရှိကြောင်း ကြားသိရသဖြင့် ယခုကဲ့သို့ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

““အဲဒီလို ခွင့်ပြုချက်ပေးနေတာတောင် ရှေးဟောင်းရှုမြင်ကွင်း ပျက်စီးစေမယ်။ ရှေးဟောင်းနေရာနဲ့ ရှေးဟောင်းအဆောက်အအုံနဲ့ နီးတယ်ဆိုရင် ကန့်သတ်ထားပါတယ်””ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။ရှေးဟောင်းယဉ်ကျေးမှုဇုန်များကို ရှေးဟောင်းအဆောက်အအုံတည်ရှိသည့်ဇုန်၊ ရှေးဟောင်းတည်နေရာတည်ရှိသည့်ဇုန်နှင့် ကာကွယ်ထိန်းသိမ်းရေးဇုန်ဖြင့် သုံးမျိုးခွဲခြားပြီး ဥပဒေဖြင့် ထိန်းသိမ်းထားသည်။ ထိန်းသိမ်းထားသည့် ဥပဒေအရ ရှေးဟောင်းအဆောက်အအုံတည်ရှိသည့်ဇုန် နှင့် ရှေးဟောင်းတည်နေရာရှိသည့်ဇုန်တွင် အဆောက်အအုံများ တည်ဆောက်မှုကို လုံးဝခွင့်မပြုဘဲ ကာကွယ်ထိန်းသိမ်းရေးဇုန်တစ်ခုတည်းကိုသာ အဆင့်ဆင့်စိစစ်ပြီး ခွင့်ပြုခြင်းဖြစ်သည်။

ကမ္ဘာလှည့်ခရီးသည်များ အများဆုံးသွားရောက်သည့် ပုဂံ ယဉ်ကျေးမှုဇုန်အတွင်း မြေယာဝယ်ယူမှုပြဿနာများ ယခင်ကတည်းကရှိသည်။ ယခုနှစ်အတွင်း ပျူမြို့ဟောင်းသုံးခုကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ပြုပြင် လုပ်ဆောင်နေချိန်အတွင်း သရေခေတ္တရာ ပျူမြို့ဟောင်းဇုန်နယ်မြေ လှည့်ပတ်လမ်းများသည် လူကြိုက်များနေပြီး တစ်ဧကလျှင် ယခင် ခြောက်သိန်းကျပ်မှ သိန်း ၂၀ အထိ ဈေးခုန်တက်ခဲ့သည်။ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားသည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဇုန်တွင် ဥပဒေဖြင့် ကာကွယ်ထိန်းသိမ်းသည့်ဧရိယာဧက နှစ်သောင်းခုနစ်ထောင်ကျော် ရှိသည်။ တည်နေရာအားဖြင့် ပုဂံမြို့သစ်၊ ညောင်ဦးမြို့၊ ဖွားစော၊ မင်းနန်သူ၊ တောင်ဘီ၊ မြင်းကပါ စသည့်ကျေးရွာများလည်း ပါဝင်သည်။

ရှေးဟောင်းနယ်မြေများအတွင်းရှိ ဇုန်မြေဧရိယာသတ်မှတ်ချက် မြေပုံများကို အရောင်းအ၀ယ်မပြုလုပ်မီ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်သည်ဟု ဌာနကဆိုသည်။

ဥပဒေမထုတ်ပြန်မီက တည်ဆောက်ဖွင့်လှစ်ခဲ့သည့် ဟိုတယ်လုပ်ငန်းများကို ဆက်လက်ခွင့်ပြုပြီး ကျန်ဧရိယာများကို ကျေးရွာများ၊ ယာခင်းများတွင် ဟိုတယ်လုပ်ငန်းဆောင်ရွက်ခြင်း၊ ခြံစည်းရိုးကာခြင်းကို ခွင့်မပြုခဲ့ဟု ဦးစီးဌာနက ဆိုသည်။

7day Daily