Home » » ဆလုံလူမျိုးနှင့်ပတ်သက်၍ အရေးယူခံရစဉ်က . . . – မြတ်ဆွေ

ဆလုံလူမျိုးနှင့်ပတ်သက်၍ အရေးယူခံရစဉ်က . . . – မြတ်ဆွေ

Written By Unknown on Saturday, November 30, 2013 | 2:10 PM

    ကျွန်တော့်ကို ပြန်ကြားရေးဝန်ကြီး၏ ကိုယ်ရေးအရာရှိဆိုသူ ဗိုလ်ကြီးမြင့်ထွေးဆိုသူက ဗဟိုပုံနှိပ်တိုက်ရှိ သူ့ရုံးခန်းသို့ခေါ်ပြီး “ခင်ဗျားကြောင့် ဒုက္ခပဲ၊ အဘတော့ ပြုတ်တော့မှာပဲ” ဟု ဆူလားပူလား လုပ်ပြန်ပါသည် . . .

 လူတို့သည် အတိတ်က ဖြစ်ရပ်များကို မမေ့ကြပါ။ အထူးသဖြင့် ပျော်စရာကောင်းသော ဖြစ်ရပ်များထက် ထိတ်လန့် နာကြည်း စရာ ကောင်းေ သာ ဖြစ်ရပ်များကို အမှတ်ထင်ထင် သတိရနေတတ်ကြပါသည်။ ကျွန်တော့်မှာလည်း အတိတ်က ထိတ်လန့်စရာ၊ တုန်လှုပ် စရာဖြစ်ရပ်အချို့ရှိ ခဲ့သော် လည်း မေ့မေ့ပျောက်ပျောက် နေခဲ့မိပါသည်။ တစ်နေ့ကမူ နေ့စဉ်သတင်းစာ တစ်စောင်မှ သတင်းတစ်ပုဒ်ကို ဖတ်ရှုမိရာမှ အတိတ်သည် ပြန်လည် ရှင်သန်လာ ခဲ့လေသည်။ သတင်းကတော့ “ဆလုံလူမျိုးတို့ဘ၀ မြှင့်တင်ပေးဖို့ လုပ်မည်”ဆိုသော ခေါင်းစီး နှင့်သတင်းတစ်ပုဒ် ဖြစ်ပါသည်။

“မြန်မာနိုင်ငံ တောင်ဘက်စွန်းရှိ ဇာဒက်ကြီး ကျွန်းဆလုံကျေးရွာတွင် တပ်မတော် (ရေ)နှင့် ဌာနဆိုင်ရာများက ကျေးလက် ဒေသဖွံ့ဖြိုးရေးအတွက် ပံ့ပိုးကူညီဆောင် ရွက်ပေးလျက်ရှိပြီး ဆလုံလူမျိုးများသည် ကုန်းတွင်း ပိတ်ဒေသနှင့် ထိတွေ့ဆက်ဆံမှု နည်းပါးသဖြင့် အသိပညာ၊ အတတ်ပညာ လိုအပ်ချက်များစွာ ရှိနေပြီး ၎င်းတို့၏ လူနေမှုဘ၀ မြင့်မားရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများ ရရှိရေးကို မွေးမြူရေး ရေလုပ် ငန်းနှင့် ကျေး လက် ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ဒေသခံ များနှင့် တွေ့ဆုံရာ တွင် ပြောကြားသည်။ …

သတင်းက ဤသို့ဆိုထားပါသည်။ အလွန်ခေါင်းပါးသော ဆလုံလူမျိုးတို့ဒေသ အတွက် မင်္ဂလာ သတင်းတစ်ပုဒ် ဖြစ်ပါသည်။ ဆလုံလူမျိုးစုများနှင့် ပတ်သက်သော သတင်းကိုဖတ်ရှုပြီး ကျွန်တော့်ရင်မှာ လှုပ်ရှား ခံစားလိုက် ရပါသည်။ အတိတ်ကဖြစ်ရပ်တစ်ခုကြောင့် ဖြစ်ပါသည်။

နအဖအစိုးရ မတိုင်ခင်ကပင် ကျွန်တော်သည် ကြေးမုံသတင်းစာသတင်းထောက်ကြီးအဖြစ်မှ ဆေးပင်စင် ယူထား ပြီးဖြစ်ပါသည်။ ပင်စင်က နည်း၍ စာရေးခ ၀င်ငွေကလေးနှင့် သိပ်ပြေပြေလည်လည် မရှိလှပါ။

ကျွန်တော်သည် ကြေးမုံသတင်း ထောက်ဘ၀က စာပေယဉ်ကျေးမှု ရုပ်ရှင် သတင်းများ တာဝန်ယူ ရေးသားရသူ ဖြစ်ပါသည်။ တစ်နေ့တွင် အယ်ဒီတာချုပ်က ကျွန်တော့်ကိုခေါ်ယူပြီး ကြေးမုံရုပ်ရှင် သတင်းကဏ္ဍ ပြန်ကိုင်ပေးရန် တာဝန်ပေး ပါလေသည်။

ထိုအချိန်က ဗီဒီယိုခေတ် မဖြစ်သေးဘဲ ရုပ်ရှင်ဇာတ်ကားများ အရှိန်ကောင်းနေချိန် ဖြစ်ပါသည်။ ကျွန်တော် သည် လပ်ကီးဆဲဗင်း မအေးဝင်းတို့ ကုမ္ပဏီက ရိုက်ကူးသော“မော်ကင်းဥဒါန်း”ဇာတ်ကား ရုံဝင်ခါနီးတွင် သတင်း ရေးလိုက်ပါသည်။ ရုံတင်တော့မည်ဖြစ်၍ ပိုစတာကားပင် လှည့်နေပါပြီ။

မော်ကင်းဥဒါန်း ဇာတ်ကားမှာ ဆလုံလူမျိုးများနှင့် ပတ်သက်၍ ဇာတ်အိမ်တည်ပြီး နာမည်ရ သရုပ်ဆောင် ကျော်ဟိန်းနှင့် သရုပ်ဆောင်များစွာ ပါဝင်ကြပါသည်။ အကြောင်းတိုက်ဆိုင် သည်ဟုပင် ဆိုရလေ မလားမသိ။

ကျွန်တော့် ရုပ်ရှင်သတင်းပါသော အချိန်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တိုင်းခန်းလှည့်လည်ရင်း တနင်္သာရီ တိုင်းဘက် ရောက်ရှိသွားပါသည်။ ကျွန်တော့်ရုပ်ရှင် သတင်းဖတ်မိလေ သလားမသိ။ ဆလုံဆိုတာ လူမျိုးတစ်မျိုး၊ လူမျိုးစုတစ်စု ဟုတ်လို့ လားဟု စူးစမ်းသောသဘောဖြင့် မေးလိုက် ပုံရပါသည်။

ဤတွင် ပြန်ကြားရေးဝန်ကြီးနှင့် အတူ အနီးကပ်ဗိုလ်မှူးကြီးများ ပျာယာခတ်သွား ပုံရပါသည်။ သတင်းများက ဆလုံလူမျိုးစုများဟု ကျွန်တော်က ရေးလိုက်ရာ၊ ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာန၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးစိုးဝင်း (ယခုသာသနာရေး ၀န်ကြီးဌာန၊ ဒုဝန်ကြီး)က ကျွန်တော့်ကို သူ့ရုံးခန်းသို့ ချက်ချင်းခေါ်ပါလေသည်။

ကျွန်တော် ရောက်သွားတော့ ထိုင်ပင်မခိုင်းဘဲ ခင်ဗျားရေးတာ ဟုတ်ရဲ့လား၊ သတင်းဘယ်က ရသလဲ လုပ်ပါလေတော့သည်။ ရုပ်ရှင်သတင်းဖြစ်၍ ရုပ်ရှင်ကုမ္ပဏီကရကြောင်း၊ ထိုဇာတ်ကားပင် ရုံတင်တော့ မည်ဟုရှင်းပြသည်။ (ထိုဇာတ်ကားကိုလည်း ရုံတင်ပြသခွင့် ပိတ်လိုက်သည်)

ထို့နောက် ကျွန်တော့်ကို ပြန်ကြားရေးဝန်ကြီး၏ ကိုယ်ရေးအရာရှိ ဆိုသူ ဗိုလ်ကြီး မြင့်ထွေးဆိုသူက ဗဟိုပုံနှိပ်တိုက်ရှိ သူ့ရုံးခန်း သို့ခေါ်ပြီး “ခင်ဗျားကြောင့် ဒုက္ခပဲ၊ အဘတော့ ပြုတ်တော့မှာပဲ” ဟု ဆူလားပူလား လုပ်ပြန်ပါသည်။

ထိုအချိန်ကစပြီး ကျွန်တော်၏ရုပ်ရှင် သတင်းကဏ္ဍသည်လည်း နိဋ္ဌိတံသွားပါ သည်။ ကျွန်တော် ရုပ်ရှင်သတင်းမရေးရ တော့ပါ တော်ပါသေးရဲ့။ ဖမ်းမချုပ်တာပဲ ကျေးဇူးတင်ရပါသည်။

ဘာမဟုတ်သောကိစ္စလေးပါ။ အပေါ်က အကြီးအကဲက မေးလိုက်တာနှင့် (ဦး ပုညဆဒ္ဒန်ဆင်မင်း ၀တ္ထုထဲကလို) ဟိုလူကြီးက ပျာယီးပျာယာ ဘဇာမသိ။ ဖြစ်ကြရ လေသတည်း။

ဇာတ်ပေါင်းသော် အဘလည်းမပြုတ်ပါ။ ဦးဆောင်ညွှန်ကြားရေးမှူးလည်း ဘာမှမဖြစ်ပါ။ ကျွန်တော်သာ ရုပ်ရှင်သတင်းရေးနှင့် အလုပ်ပြုတ်၍ ရုပ်ရှင်ဇာတ်ကားလည်း အပိတ်ခံရလေ၏။

Myanmartandawsint Newspaper