Home » » သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု လူထုအခြေပြုစီမံကိန်းစတင်မည်

သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု လူထုအခြေပြုစီမံကိန်းစတင်မည်

Written By Unknown on Tuesday, November 26, 2013 | 9:41 PM

သက်ကြီးရွယ်အိုများ ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် လူထုအခြေပြု စီမံကိန်းတစ်ခုကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်ကပြောကြားသည်။

စီမံကိန်းကို ကိုရီးယားနိုင်ငံအခြေစိုက် Help age အဖွဲ့က အမေရိကန်ဒေါ်လာ    နှစ်သောင်းလေးထောင် ထောက်ပံ့ကူညီမည်ဖြစ်ပြီး အခြားလူမှုအဖွဲ့အစည်းများကလည်း ထောက်ပံ့ကူညီမည်ဖြစ်သည်။
““ပိုင်းလော့ပရောဂျက်ဖြစ်တဲ့အတွက် နိုင်ငံလုံးအနှံ့အပြားအထိတော့ မရောက်နိုင်သေးဘူး။ မြို့နယ်သုံးမြို့နယ်လောက်ကို အဓိကထားရွေးချယ်သွားမှာပါ”” ဟု ၄င်းကပြောသည်။

စီမံကိန်းတွင် သက်ကြီးရွယ်အိုများအား အိမ်တိုင်ရာရောက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးမည်ဖြစ်ပြီး ကုသပေးမည့်ရောဂါများမှာ နာတာရှည်ရောဂါများ၊ ကူးစက်ရောဂါများ၊ ကူးစက်နိုင်ခြင်းမရှိသည့် ရောဂါများကို အဓိကထား ကုသပေးမည်ဖြစ်ကာ ခွဲစိတ်ကုသရန် လိုအပ်ပါက သက်ဆိုင်ရာဆေးရုံများနှင့် ချိတ်ဆက်ပေးမည်ဖြစ်သည်။  

မည်သည့်နေရာများကို အဓိကထားရွေးချယ်မည်၊ မည်သည့်အချိန်တွင် သွားရောက်ကုသမည်၊ သွားရောက်ကုသမည့် အဖွဲ့တစ်ဖွဲ့လျှင် လူမည်မျှပါရှိမည် စသည့် အသေးစိတ်အချက်အလက်များကို လူမှုဝန်ထမ်းဦးစီးဌာန၊ အရပ်ဘက်အဖွဲ့အစည်းများ၊  ထောက်ပံ့ကူညီမည့် ပြည်ပအဖွဲ့အစည်းများနှင့် နိုဝင်ဘာ ၂၅ နှင့် ၂၆ ရက်များတွင် နေပြည်တော်တွင် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

ယခုလက်ရှိတွင် သက်ကြီးရွယ်အိုနေထိုင်မှုများပြီး ကျန်းမာရေးလိုအပ်ချက်မြင့်မားသည့် ဧရာဝတီတိုင်းဒေသကြီးနှင့်  အလယ်ပိုင်းဒေသမှ  မြို့နယ်သုံးခုရွေး ချယ်ထားသည်ဟု သတင်းရရှိ သည်။

၂၀၁၃ ခုနှစ်ယာယီသန်းခေါင်စာရင်းကောက်ယူသည့် မြို့ နယ်နှစ်ဆယ်တွင် အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိ လူငယ် နှင့် လူလတ်ပိုင်းများပြားသော်လည်း ကလေးမွေးဖွားနှုန်းသည် ကျဆင်းနေပြီး သက်ကြီးရွယ်အို ၁၀ ရာခိုင်နှုန်းခန့်  မြင့်မားလျက်ရှိသည်ဟုသိရှိရသည်။

သက်ကြီးရွယ်အို  လူဦးရေတိုးပွားမှုနှုန်းသည် နှစ်ပေါင်း ၂၀ ကျော်တွင် မြန်မာနိုင်ငံအနေဖြင့် အရေးကြီးစီမံကိန်းချဖြေရှင်းရမည့် ပြဿနာတစ်ရပ်ဖြစ်လာမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ  ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

သက်ကြီးရွယ်အိုများအတွက် ၀န်ကြီးဌာနက ယခုနှစ်နိုဝင်ဘာမှစတင်ကာ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာများ ဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်မှုများပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမအဆင့်    ဘိုးဘွားရိပ်သာ ၂၈ ခု၊ ဒုတိယအဆင့် ဘိုးဘွားရိပ်သာ ၂၃ ခု၊ တတိယအဆင့် ဘိုးဘွားရိပ်သာ ၂၃ ခု စုစုပေါင်း ၇၄ ခု ရှိပြီး ယခုနှစ်   ထောက်ပံ့ကူညီမှုသည်   ကျပ်သန်း ၁၃၁   ကျော် ရှိသည်။

မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများ ၅ ဒသမ ၄ သန်းခန့်ရှိပြီး အသက် (၆၀)အထက် ဘိုးဘွား ၉  ရာခိုင်နှုန်းခန့်ရှိသည်။  ၂၀၁၅ ခုနှစ်တွင် သက်ကြီးရွယ်အို ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အို ငါးသန်းအနက် ငါးသိန်းလေးသောင်းမှာ ကူညီစောင့်ရှောက်မှု လိုအပ်နေဆဲ ဖြစ်သည်။

7day Daily