Home » » အခြေခံဥပဒေပြင်ရန် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအဖွဲ့တို့မှ အကြံပြုစာများ မရောက်သေး

အခြေခံဥပဒေပြင်ရန် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအဖွဲ့တို့မှ အကြံပြုစာများ မရောက်သေး

Written By Unknown on Tuesday, November 26, 2013 | 9:50 PM

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အုပ်ချုပ်ရေးအဖွဲ့ နှင့် တရားစီရင်ရေးအဖွဲ့၏ အကြံပြုစာများ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီသို့ ယနေ့အထိ မရောက်ရှိသေးကြောင်း ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။

““ကော်မတီရဲ့ ဒုတိယအစည်းအဝေးမှာကတည်းက ဒါ မဏ္ဍိုင်အားလုံးက အကြံပြုချက်တွေလိုအပ်တယ်ဆိုပြီး တရားဝင်စာနဲ့တောင်းထားပါတယ်။ ခုထိတော့ မရောက်သေးပါဘူး”” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ဦးအေးမောက်ကဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီသို့ အကြံပြုစာပေးပို့ခြင်းကို ဒီဇင်ဘာ၃၁ ရက် နောက်ဆုံးပေးပို့နိုင်ပြီး အဖွဲ့အစည်းအသီးသီးက ပေးပို့ထားသော အကြံပြုစာပေါင်း ၂၀၀ ကျော် ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

ကော်မတီ၏ အစီရင်ခံစာသည် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ တင်ရမည်ဖြစ်ပြီး အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေး ချောမွေ့စေရန်အတွက် သမ္မတ၊ လွှတ်တော်၊ တပ်မတော်အကြီးအကဲများနှင့်တွေ့ဆုံရန် တောင်းဆိုထားသည်။

နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံပြင်ဆင်ခြင်းသည် ပြည်သူများ၏ ဆန္ဒအတိုင်းသာဖြစ်ပြီး ဥပဒေပြုရေးမဏ္ဍိုင်က လုပ်ဆောင်မည့်ကိစ္စဖြစ်ကြောင်း ပြောကြားထားသည်။

7day Daily