Home » » မီတာခများ ပြန်လျှော့ရန် ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းမည်

မီတာခများ ပြန်လျှော့ရန် ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းမည်

Written By Unknown on Friday, November 8, 2013 | 1:04 PM

နိုဝင်ဘာလကုန်တွင် တိုးမြှင့်ကောက်ခံမည့် လျှပ်စစ်မီတာခများ ပြန်လည်လျှော့ချရန်အတွက် အနီးစပ်ဆုံး ပြန်လည်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် တင်သွင်းမည်ဖြစ်ကြောင်း မလှိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က ပြောသည်။

အရေးကြီးအဆိုတင်သွင်းရန်အတွက် နိုဝင်ဘာ ၇ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြခဲ့ခြင်းဖြစ်ပြီး ယနေ့ (နိုဝင်ဘာ ၈ ရက်)တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ အစီအစဉ်ပါမည်၊ မပါမည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း  ဦးအေးမောက်က ပြောသည်။

““ကျွန်တော်က ဒီအဆိုကို ဒီနေ့လျှပ်စစ်ဝန်ကြီးဌာနကချေးတဲ့ သန်းခြောက်ဆယ်ကိစ္စ ဆွေးနွေးရင်းနဲ့ တင်ဖို့ ဖြစ်သွားတာပါ။ လေလွင့်နေတဲ့ လျှပ်စစ်ဓာတ်အားတွေကို သေချာထိန်းချုပ်နိုင်မယ်ဆိုရင် ဘီလီယံ ရှစ်ဆယ်ကျော်လောက် ပြန်ဝင်လာနိုင်မယ်။ အဲဒါဆိုရင် အရှုံးကိုကာဗာဖြစ်တာပေါ့””ဟု ဦးအေးမောက်က ပြောသည်။

လျှပ်စစ်ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံခြင်းသည် ပြည်သူသို့လည်း ကြိုတင်တင်ပြခြင်းမရှိသကဲ့သို့ လွှတ်တော်သို့လည်း တင်ပြခြင်းမရှိဘဲ ၀န်ကြီးဌာန၏ သဘောဆန္ဒအရ ပြုလုပ်ခဲ့ခြင်းသာဖြစ်သည်ဟု ဦးအေးမောက်ကဆိုသည်။

ယင်းအဆိုကို လွှတ်တော်တွင် တင်သွင်းပြီး လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံပါက ၀န်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချခြင်း(သို့မဟုတ်)တိုးမြှင့်ရန်အတွက် အချိန်ကာလတစ်ခုအထိ ဆိုင်းငံ့ခြင်းများ ပြုလုပ်နိုင်ဖွယ်ရှိသည်ဟု သိရသည်။

““ကျွန်တော့်အဆိုက အောင်နိုင်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က ပြည်သူတွေအတွက် လုပ်ကြတာပဲလေ။ အဆိုကို လွှတ်တော်က ထောက်ခံရင် ဆွေးနွေးကြမယ်။ ဆွေးနွေးပြီးလို့ အတည်ဖြစ်ရင် ၀န်ကြီးဌာနအနေနဲ့ တစ်စုံတစ်ခုတော့ လုပ်ရမှာပဲ””ဟု ဦးအေးမောက်ကပြောသည်။

နိုဝင်ဘာ ၇ ရက်က လျှပ်စစ်မီတာခများ ပြန်လည် လျှော့ချပေးရေးအတွက် ဒုတိယမြောက်နေ့အဖြစ် ဖယောင်းတိုင်ကိုင်ဆောင်၍ လမ်းလျှောက်ဆန္ဒဖော်ထုတ်မှုကို လူဦးရေ ၃၅၀ ကျော်က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ရုံးသို့ သွားရောက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မီတာခများတိုးမြှင့်လိုက်ခြင်းအပေါ် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို နိုဝင်ဘာ ၇ ရက် ညနေတွင် မြေနီကုန်းလမ်းဆုံမှ စတင်၍ အထက်ကြည့်မြင်တိုင်လမ်းပေါ်ရှိ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရုံးသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြေနီကုန်းမှ စတင်လမ်းလျှောက်စဉ်က လူဦးရေ ၅၀ ခန့်သာပါဝင်ခဲ့ပြီး စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံမြို့နယ်အတွင်း ၀င်ရောက်ခဲ့ရာ ပါဝင်ဆန္ဒထုတ်ဖော်သူများမှာ လူဦးရေ ၃၅၀ ကျော်အထိ တိုးမြင့်လာခဲ့သည်။ ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်မှုကို မျိုးဆက်သစ်လူငယ်များအဖွဲ့၊ လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့၊ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုအဖွဲ့၊ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့တို့ ပူးပေါင်းပါဝင်ကြောင်း သတင်းရရှိသည်။

““ခုလိုဆန္ဒထုတ်ဖော်မှုကို ပြည်သူတွေသိအောင် ပြည်သူတွေပါဝင်နိုင်အောင်လို့ ကျွန်တော်တို့ ရပ်ကွက်တွေထဲကို ၀င်ရောက်ပြီး ဆန္ဒထုတ်ဖော်သွားမှာပါ””ဟု ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးကပြောသည်။
လျှပ်စစ်ဝန်ကြီးဌာနမှ အောက်တိုဘာ ၂၉ ရက်တွင် အိမ်သုံးမီတာများ၌ ယူနစ် ၁၀၀ ကျော်နှင့်အထက် သုံးပါက တစ်ယူနစ်လျှင် ကျပ် ၅၀ နှုန်း၊ စီးပွားရေးလုပ်ငန်းသုံးမီတာများတွင် ယူနစ် ၅၀၀၀ ကျော် အသုံးပြုပါက တစ်ယူနစ်လျှင် ၁၅၀ ကျပ်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။ ထိုကဲ့သို့ကောက်ခံမှုကို နိုဝင်ဘာလမှ စတင်ကောက်ခံမည်ဖြစ်ပြီး ဒီဇင်ဘာလ မီတာခကောက်ခံရာတွင် စတင်ပေးဆောင်ရမည်ဖြစ်သည်။

ပထမနေ့အဖြစ် နိုဝင်ဘာ ၆ ရက် နေ့လယ်ပိုင်းနှင့် ညနေပိုင်းတွင်လည်း လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခြင်းကို မျိုးဆက်သစ်လူငယ်များ၊ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့တို့က ဦးဆောင်၍ ရန်ကုန်မြို့လယ်၌ ဆန္ဒထုတ် ဖော်ခဲ့ကြသည်။ ယင်းနေ့က ခွင့်ပြုမိန့်မယူဘဲ ဆန္ဒထုတ်ဖော်သူများအနက် ဦးဆောင်သူအချို့ကို ကျောက်တံတားရဲစခန်း၊ ပန်းဘဲတန်းရဲစခန်းတို့က အရေးယူဖမ်းဆီးခဲ့သည်။

တတိယနေ့အဖြစ်လျှပ်စစ်မီတာခများ ပြန်လည်လျှော့ချပေးရေးအတွက် ဆန္ဒထုတ်ဖော်မှုကို နိုဝင်ဘာ ၈ ရက် ညနေပိုင်းတွင် အောင်ဆန်းကွင်းမှစတင်၍ လှည့်လည် ဆန္ဒထုတ်ဖော်ရန် ရှိကြောင်း သတင်းရရှိသည်။

7DAY DAILY