Home » » NLD ကို တရုတ်အစိုးရက ပထမဆုံးအကြိမ် ဖိတ်ကြား

NLD ကို တရုတ်အစိုးရက ပထမဆုံးအကြိမ် ဖိတ်ကြား

Written By Unknown on Friday, November 8, 2013 | 12:56 PM

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့မှာ တရုတ်နိုင်ငံကို ၁ဝ ရက်ကြာ သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ဒီနှစ်အတွင်း NLD ကိုယ်စားလှယ်တွေ တရုတ်ပြည်ကို ခရီးထွက်တာ ၄ ကြိမ်ရှိပါပြီ။

အခုခရီးစဉ်ရဲ့ ထူးခြားချက်ကတော့ တရုပ်အစိုးရ နိုင်ငံခြားရေးဌာနက NLD ကို ပထမဆုံးအကြိမ် တိုက်ရိုက်ဖိတ်ကြားတဲ့ ခရီးစဉ် ဖြစ်ပါတယ်။ ဦးဥာဏ်ဝင်းဦးဆောင်တဲ့ အဖွဲ့ဟာ ဘေဂျင်းမြို့ကို ပထမဆုံးသွားရောက်ပြီး တရုတ်နိုင်ငံခြားရေးဌာန ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီနောက် ရှန်ဟိုင်းမြို့ အပြင် ယူနန်ပြည်နယ်ကိုလည်း သွားရောက် လည်ပတ်မယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၇ ရက် သောကြာနေ့ထုတ်တဲ့ South China Morning Post သတင်းစာမှာတော့ တရုတ်အစိုးရဟာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်သလို နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုတွေ ပိုမိုရရှိလာနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားလိုတဲ့ ဆန္ဒပြင်းပြလျက်ရှိတယ်လို့ ဖေါ်ပြထားပါတယ်။ သူ့ကို တရုပ်အမျိုးသားပြည်သူ့ကွန်ဂရက်က ဖိတ်ကြားဖွယ်ရှိတယ်လို့လည်းဆိုပါတယ်။ တပြိုင်နက်မှာပဲ ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးကို ဖိတ်ကြားတယ်ဆိုပြီး ရှုမြင်ကြမှာကိုလည်း ကွန်မြူနစ်ခေါင်းဆောင်တွေက စိုးရိမ်နေပြန်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံကို လာရောက်လည်ပတ်ဖို့ တရုတ်ချစ်ကြည်ရေးအဖွဲ့တစ်ခုက ဖိတ်ကြားတာကို ဒေါ်အောင်ဆန်းစုကြည် လက်ခံလိုက်ပြီဆိုပြီး မြန်မာသတင်းဌာနတစ်ခုက ဒီရက်ပိုင်းအတွင်း ဖေါ်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းနဲ့ ပတ်သက်ပြီး အာဖက်အေက ဗုဒ္ဓဟူးနေ့မှာ ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ တရုပ်ပြည်ကိုသွားရောက်ဖို့ အစီအစဉ်တစုံတရာမရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

NLD အဖွဲ့ရဲ့ ဒီခရီးစဉ်မှာ တရုတ်အစိုးရခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်လည်ပတ်ဖို့ တရားဝင်ဖိတ်ကြားနိုင်တယ်ဆိုပြီး သတင်းထွက်နေတာနဲ့ ပတ်သက်လို့ ဦးဥာဏ်ဝင်းကို အာဖက်အေက ဒီနေ့ သောကြာနေ့ မနက်ဆက်သွယ်မေးမြန်းရာမှာ အဲဒီလို ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အတည်ပြုပြောကြားနိုင်ခြင်း မရှိသေးဘူးလို့ ဖြေကြားပါတယ်။ NLD နဲ့ တရုပ်အစိုးရအကြား ဆက်ဆံရေးတိုးတက်နေတယ်လို့တော့ဆိုနိုင်ကြောင်း သူကပြောပါတယ်။

RFA Burmese