Home » » ADB ချေးငွေ ကန်ဒေါ်လာ သန်း ၆၀ အသုံးပြုမှု လျှပ်စစ်ဝန်ကြီးဌာန လွှတ်တော်တွင် လေးလ တစ်ကြိမ် ရှင်းရမည်

ADB ချေးငွေ ကန်ဒေါ်လာ သန်း ၆၀ အသုံးပြုမှု လျှပ်စစ်ဝန်ကြီးဌာန လွှတ်တော်တွင် လေးလ တစ်ကြိမ် ရှင်းရမည်

Written By Unknown on Friday, November 8, 2013 | 3:44 PM

နေပြည်တော်၊ နိုဝင်ဘာ ၇

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ကို အာရှဖွံ့ဖြိုးရေးဘဏ် ADB ထံမှ ချေးယူရန် ပြည်ထောင်စု လွှတ်တော်က မူအားဖြင့် သဘောတူ သော်လည်း ယင်းငွေကြေးများဖြင့် မည်သည့် စီမံကိန်းများ လုပ်ဆောင်ထားကြောင်းကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက လွှတ်တော်သို့ လေးလ တစ်ကြိမ် လာရောက် ရှင်းပြရန် လွှတ်တော်က ဆုံးဖြတ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ပြည်တွင်း လျှပ်စစ်ဖြန့်ဖြူးရေးအတွက် ADB မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ချေးယူမည့် ကိစ္စကို နိုဝင်ဘာ ၇ ရက် တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြုရာ လွှတ်တော်က ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ငွေချေးယူခြင်း ကိစ္စကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အောက်တိုဘာ ၂၂ ရက်နေ့တွင် လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ချေးငွေဖြင့် လျှစ်စစ်ဓာတ်အား ရရှိရေး စီမံကိန်းကို ၁၈ လ အတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ကတိပြု ပြောကြားသည်။

ယင်းချေးငွေဖြင့် ထရန်စဖော်မာ အသစ် တပ်ဆင်ရေး၊ မူလ ကြေးကြိုးဖြင့် တပ်ဆင်ထားသော ၄၀၀ ဗို့ ဓာတ်အားလိုင်းတွင် အသုံးပြုထားသော လျှပ်တားအခွံ (ဥပမာ-ကြွေသီး) များကို အသစ် တပ်ဆင်ရေး၊ ဒစ်ဂျစ်တယ် မီတာများ တပ်ဆင်ရေးတို့ အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ချေးငွေ၏ သဘောတူညီချက် စာချုပ်တွင် ဆိုင်းငံ့ကာလ ၈ နှစ် အတွင်း အတိုးနှုန်း ၁ ရာခိုင်နှုန်းနှင့် အတိုးအရင်း ပြန်ဆပ်ကာလ ၂၄ နှစ် တွင် ၁ ဒသမ ၅ ရာခိုင်နှုန်း အတိုး ပေးဆောင်ရမည် ဖြစ်သည်။

The Voice Weekly