Home » » စင်ကာပူမှ မြန်မာနိုင်ငံသို့ အွန်လိုင်းမှ ငွေလွှဲဝန်ဆောင်မှု ပေးရန် ဧရာဝတီဘဏ်စီစဉ်

စင်ကာပူမှ မြန်မာနိုင်ငံသို့ အွန်လိုင်းမှ ငွေလွှဲဝန်ဆောင်မှု ပေးရန် ဧရာဝတီဘဏ်စီစဉ်

Written By Unknown on Saturday, November 30, 2013 | 2:50 PM

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ အွန်လိုင်းမှတစ်ဆင့် ငွေလွှဲပို့သည့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် စင်ကာပူ ဘဏ်တစ်ခု ဖြစ်သည့် Development Bank of Singapore (DBS) ဘဏ်နှင့် ဧရာဝတီဘဏ်တို့ နိုဝင်ဘာလ ၂၉ ရက်နေ့က လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စင်ကာပူနိုင်ငံမှ ငွေလွှဲမည့်သူများဘဏ်ကို သွားရောက်ရန် မလိုဘဲ မိုဘိုင်းလ်ဖုန်း၊ ကွန်ပျူတာမှတစ်ဆင့် လွှဲပြောင်းနိုင်မည့် အွန်လိုင်း ငွေလွှဲဝန်ဆောင်မှုကို အကျိုးတူ ပူးပေါင်း လုပ်ကိုင်နိုင်ရန် နိုဝင်ဘာလ ၂၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် DBS Bank နှင့် ဧရာဝတီဘဏ်တို့ လက်မှတ် ရေးထိုးလိုက်ခြင်း ဖြစ်သည်။

DBS Bank တွင် ဖွင့်လှစ်ထားသော ငွေစာရင်းမှတစ်ဆင့် ဧရာဝတီဘဏ်ရှိ ငွေလက်ခံသူ ဖွင့်လှစ်ထားသည့် ငွေစာရင်းကို လွှဲပြောင်းပေးမည့် စနစ်ဖြစ်သောကြောင့် ငွေလွှဲသူသည် DBS တွင် ငွေစာရင်းဖွင့်၍ ငွေလက်ခံသူသည် ဧရာဝတီဘဏ်တွင် ငွေစာရင်း ဖွင့်ထားရမည် ဖြစ်ကြောင်း ဧရာဝတီဘဏ်ထံမှ သိရသည်။

DBS ဘဏ်သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကမ္ဘာပေါ်တွင် စိတ်ချ အယုံကြည်ရဆုံး ဘဏ်အဖြစ် Global Finance Magazine က ဖော်ပြခြင်းခံရပြီး ရုံးခွဲပေါင်း ၂၅၀ ကျော် ဖွင့်လှစ်ကာ နိုဝင်ဘာလ ၁၅ ရက်နေ့က မြန်မာနိုင်ငံတွင် ရုံးခွဲ ဖွင့်လှစ်ခဲ့သည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း စင်ကာပူနိုင်ငံပိုင် SingPost က ပြည်တွင်းရှိ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ သမဝါယမဘဏ်တို့နှင့် ပူးပေါင်း၍ စင်ကာပူ-မြန်မာ အပြန်အလှန် ငွေလွှဲလုပ်ငန်း လုပ်ကိုင်မည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly