Home » » ငါးရက်ကြာပျောက်သွားသော ကျောင်းသားအလောင်း မြစ်အတွင်း၌တွေ့

ငါးရက်ကြာပျောက်သွားသော ကျောင်းသားအလောင်း မြစ်အတွင်း၌တွေ့

Written By Unknown on Saturday, November 30, 2013 | 2:57 PM

ပြည်မြို့တွင် နေအိမ်မှ  ငါးရက်အကြာ ပျောက်ဆုံးသွားသော ကျောင်းသားတစ်ဦးကို နိုဝင်ဘာ ၂၅ ရက် ည ၁၂ နာရီခန့်တွင် ကြံခင်းမြို့နယ်၊ ဆိပ်သာမြို့ရဲကင်းအနီး ဧရာဝတီမြစ်အတွင်း ရေလယ်ကျွန်း၌ သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူမှာ  ပြည် အထက (၅)မှ တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက် ညနေက ကျောင်းမှပြန်လာကာ ညနေ ၄ နာရီခန့်တွင် မိခင်ဖြစ်သူအား မုန့်သွားဝယ်မည်ဟုခွင့်တောင်းကာ ဆိုင်ကယ်ဖြင့် အပြင်ထွက်သွားခဲ့ရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း  မိဘများထံမှ သိရသည်။

မိဘများက လိုက်လံရှာဖွေရင်း လူပျောက်တိုင်ကြားခဲ့ရာ န၀ဒေးတံတား ကားလမ်းပေါ် တံတားတိုင်အမှတ်(၉)နေရာတွင် ၎င်းလူငယ်စီးသွားသော ဆိုင်ကယ်နှင့် ဖိနပ်ကို စတင်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
““ကလေးက ကျောင်းကပြန်လာပြီး သူ့အမေကိုပြောတယ်။ ကျောင်းမှာ မြန်မာစာကနေ အင်္ဂလိပ်စာပြောင်းတဲ့အချိန်၊ သူက ပန်းချီဆွဲနေတုန်း ဆရာမရောက်လာပြီး သိမ်းတယ်။ သူကလိုက်တောင်းပန်ပြီး တောင်းပေမယ့် နင့်မိဘတွေခေါ်ခဲ့လို့ ဆရာမကပြောလိုက်တယ်လို့ ဆိုတယ်။ သူ့ အမေက နင့်အဖေလည်း ခရီးသွားရာကပြန်ရောက်နေပြီ။ နင့်အဖေကိုခေါ်သွားလို့ ပြန်ပြောခဲ့တယ်။ အဲဒါနဲ့ သူ့ညီမလေးနဲ့တောင် ဆော့နေသေးတယ်။ ခဏကြာမှာ သူ့အမေဆီခွင့်တောင်းပြီး မုန့်ဝယ်ထွက်သွားရာကနေ ပျောက်သွားတာ””ဟု ကျောင်းသား၏ ဖခင်ဖြစ်သူက ပြောသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်ပြီး အထက(၅)ပြည်မြိ့ရှိ သက်ဆိုင်ရာဆရာမများအား သွားရောက်မေးမြန်းခဲ့ရာ ယင်းကျောင်းသားမှာ ကျောင်းတွင်းပြဿနာမရှိဖူးကြောင်း ဖြေကြားသည်။ အင်္ဂလိပ်စာဆရာမက““အဲဒီကလေးရဲ့ မိဘတွေကို ခေါ်ခိုင်းတာမျိုးမရှိပါဘူး။ ပန်းချီဆွဲနေတာလည်းမတွေ့ဘူး။ ရည်းစားစာရေးတာတော့တွေ့ပေမယ့် စာသင်ချိန်ဖြစ်နေတဲ့အတွက် ဖမ်းဆီးတာမျိုးမလုပ်ဘဲ စာဆက်သင်ခဲ့ပါတယ်”” ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောင်းသား၏ ရုပ်အလောင်းတွင် ပြင်ပဒဏ်ရာမတွေ့ရကြောင်း၊ တံတားပေါ်မှခုန်ချသည်ဟု ယူဆရပြီး ကြံခင်းမြို့နယ်ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၁၃ အရ အမှုဖွင့်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်နေကြောင်း န၀ဒေးတံတားရဲကင်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

7day Daily