Home » » နိုင်ငံရေးအကျဉ်းသား ၆၉ဦး ထပ်မံလွတ်

နိုင်ငံရေးအကျဉ်းသား ၆၉ဦး ထပ်မံလွတ်

Written By Unknown on Friday, November 15, 2013 | 1:07 PM

နိုင်ငံရေးအကျဉ်းသား ၆၉ဦး နိုဝင်ဘာလ ၁၅ရက်တွင် ပြန်လည်လွတ်မြောက်လာရာ ဒေါ်နော်အုန်းလှအပါအဝင် လက်ပံတောင်းအရေးလှုပ်ရှားသူများ နှင့် သံတွဲပဋိပက္ခတွင် အကျဉ်းကျသူများ ပါဝင်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ် ၂၀၄(က)နှင့်အညီ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီမှ တင်ပြခဲ့သည့် ၆၉ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ အွန်လိုင်းစာမျက်နှာတွင် ရေးသားထားသည်။

ယင်းသို့ လွှတ်ပေးခဲ့သော အကျဉ်းသားများသည် အင်းစိန်အကျဉ်းထောင်မှ သုံးဦး၊ မန္တလေးမှ ၁၀ဦး၊ မြင်းခြံမှ သုံးဦး၊ သာယာဝတီမှ နှစ်ဦး၊ တောင်ငူမှ ခြောက်ဦး၊ ရွှေဘိုမှ လေးဦး၊ မုံရွာမှ နှစ်ဦး၊ ပုသိမ်မှ တစ်ဦး၊ သထုံမှ တစ်ဦး၊ အင်္ဂဘိုရဲဘက်စခန်းမှ တစ်ဦး၊ ဗန်းမော် အကျဉ်းထောင်မှ နှစ်ဦး၊ မြစ်ကြီးနားမှ ငါးဦး၊ သီပေါမှ သုံးဦး၊ ကျိုင်းတုံမှ တစ်ဦး၊ ကျောက်ဖြူမှ တစ်ဦး၊ သံတွဲမှ လေးဦး၊ ဘူးသီတောင်မှ နှစ်ဦးနှင့် စစ်တွေအကျဉ်းထောင်မှ ကိုးဦးပါဝင်သည်။

နိုဝင်ဘာလ ၁၅ရက်၌ နိုင်ငံရေးအကျဉ်းသား ၆၉ဦးကို အစိုးရမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သော်လည်း အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား ၁၀၀ခန့် ကျန်ရှိနေသေးသည်။ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ၏ နောက်ဆုံး စာရင်းအရ ၁၄၇ဦး ကျန်ရှိနေသေးပြီး ထိုအထဲကမှ ၆၉ဦးကို လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်ကလည်း ယခုနှစ်အကုန်တွင် အကျဉ်းထောင်များအတွင်း၌ ကျန်ရှိနေသေးသည့် အကျဉ်းသားများအား ချွင်းချက်မရှိ လွှတ်ပေးမည်ဟု ကတိကဝတ်ပြုထားပြီးဖြစ်သည်။

ယင်းသို့ သမ္မတ ကတိပြုထားမှုကို အကောင်အထည်ဖော်ရန် နိုဝင်ဘာလ ၁၀ရက်က သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကျန်ရှိနေသေးသည့် နိုင်/ကျဉ်းများစာရင်းကို ဒီဇင်ဘာလ ၃၁ရက် မတိုင်မီ တင်ပြပေးရန် တောင်းခံထားသေးသည်။

မဇ္ဈိမသတင်းဌာန