Home » » ရေစားကမ်းပြိုလို့ရွာလုံးကျွတ်ပြီး နေရေးစားရေးဒုက္ခရောက်

ရေစားကမ်းပြိုလို့ရွာလုံးကျွတ်ပြီး နေရေးစားရေးဒုက္ခရောက်

Written By Unknown on Friday, November 15, 2013 | 12:56 PM

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် မြောကြီးကျေးရွာ၌ ဧရာဝတီမြစ် ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျ မှုကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့ နေထိုင်ရပြီး နေစရာအခက်အခဲ များနှင့်လယ်ယာကိုင်းကျွန်းများ လုပ်ကိုင်စားသောက်ရန်နေရာ အခက်အခဲများဖြစ်နေကြောင်း ယင်းကျေးရွာဒေသခံ ဦးကြည်ဝင်း ကပြောကြားခဲ့သည်။

အဆိုပါရေတိုက်စားမှုမှာ ၁၉၈၀ ခန့်တွင် တစ်ကြိမ်၊ ၁၉၉၄ တွင်တစ်ကြိမ်၊ ၂၀၁၂တွင်တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး၊ ၂၀၁၃ ခုနှစ်ရေတိုက် စားရာတွင် ရွာလုံးကျွတ်ပျောက် ဆုံးသွားခဲ့ကြောင်း၊ မြစ်ရေတိုက် စားမှုကြောင့် ရွာသူရွာသားများ လုပ်ကိုင်စားသောက်စရာမြေမရှိ သဖြင့် နီးစပ်ရာကျေးရွာများတွင် နေ့စားငွေကြေး အနည်းငယ်ဖြင့် ကူလီလုပ်စားနေရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
““ကျွန်တော်တို့ရွာမှာမြစ်ရေ အကြိမ်ကြိမ်တိုက်စားလို့နေထိုင် စရာ၊ လုပ်ကိုင်စရာမြေမရှိတော့ ပါဘူး။ ကျွန်တော်တို့မှာမြေနေရာ မရှိတဲ့အတွက်အိမ်သာတောင် ဆောက်ဖို့မလွယ်ပါဘူး။ နောက်ဆုံး သေရင်တောင်သင်္ဂြိုလ်စရာမရှိလို့ အရမ်းဒုက္ခရောက်နေပါတယ်။ လုပ်စားစရာမြေမရှိလို့ယောက်ျား တွေကတစ်နေ့ ၁၅၀၀၊ မိန်းမတွေက တစ်နေ့ ၇၀၀နဲ့သူများရွာမှာကူလီ လုပ်စားနေရပါတယ်””ဟု ၎င်းက ပြောကြားခဲ့သည်။

မြောကြီးကျေးရွာမှာ ဧက ၂၀၀၀ခန့်ရှိပြီး ၁၉၈၀ ခုနှစ်နှင့် ၁၉၉၄ ခုနှစ်ရေတိုက်စားမှုတွင် ဧက ၈၀၀ခန့်ပါသွားကြောင်း၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် ရေတိုက်စားမှုများတွင် ရွာလုံးကျွတ် ပျောက်ဆုံးသွားခဲ့ပြီး ယခင်နှစ် များက ရေတိုက်စားမှုတွင်ပြောင်း ရွှေ့စရာမြေကျန်သေးသော်လည်း ယခုအချိန်တွင်ဆက်လက်ပြောင်း ရွှေ့စရာနေရာမရှိတော့ကြောင်း ကျေးရွာဒေသခံတစ်ဦးက ဆိုသည်။

““ပထမအကြိမ်တွေ့တုန်းက ရွာမှာရှိတဲ့လက်ဝတ်လက်စားတွေ၊ ကျွဲနွားတွေကိုရောင်းပြီးအဆင် ပြေအောင်လုပ်ရပါတယ်။ အခု တော့ ဘာမှလည်းမရှိတော့ပါဘူး။ အားလုံးချွတ်ခြုံကျနေပါပြီ။ ကျွန်တော်တို့ဒီလိုဒုက္ခရောက်နေ တာကို နိုင်ငံတော်သမ္မတနဲ့ဝန်ကြီး တွေ၊NGO အဖွဲ့အစည်းတွေကို သိစေချင်ပါတယ်။ ကျွန်တော်တို့ မှ စားသောက်ဖို့၊ ၀တ်ဖို့မလိုပါဘူး။ နေစရာပဲလိုတာပါ””ဟု ၎င်းက ဆိုသည်။

မြောကြီးကျေးရွာသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်၊ ရေစကြိုမြို့နယ်တွင်တည်ရှိ ပြီး မြင်းခြံမြို့နှင့်ဆယ်မိုင်ကွာဝေး ၍ ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ် ဆုံရာအောက်ဖက် ၂မိုင်အကွာ တွင် တည်ရှိကြောင်းသိရသည်။

The Hot News Weekly