Home » » ပုသိမ်-ရန်ကုန် သင်္ဘောခရီးစဉ် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်း

ပုသိမ်-ရန်ကုန် သင်္ဘောခရီးစဉ် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်း

Written By Unknown on Monday, October 14, 2013 | 6:00 PM

ပုသိမ်၊ အောက်တိုဘာ ၁၃

ခရီးသည်နှင့် ကုန်စည်ရရှိမှု လျော့နည်းလာ၍ စက်တင်ဘာလကတည်းက ရပ်နားထားရသော ပုသိမ်-ရန်ကုန် သင်္ဘောခရီးစဉ်များကို ယနေ့အချိန်အထိ ပြန်လည် ပြေးဆွဲခြင်းမရှိဘဲ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးမှ မန်နေဂျာ ဦးဝင်းတင့်က ပြောကြားသည်။

ယခင်က တစ်ပတ်လျှင် ၅ ရက်ခန့် ပြေးဆွဲနေရာမှ ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်၍ တစ်ပတ်လျှင် ၂ ရက်သာ ပြေးဆွဲတော့သည့် ပုသိမ်-ရန်ကုန် သင်္ဘောများမှာ ခရီးသည်နှင့် ကုန်စည် တင်ဆောင်ရမှု နည်းပါးလာသဖြင့် စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ ခရီးစဉ်များ ယာယီရပ်နားထားရာမှ ဆက်လက်၍ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“ဆန်စက်ကနေ သင်္ဘောဆိပ်၊ သင်္ဘောဆိပ်ကနေ ဘုရင့်နောင် (ရန်ကုန်) ဆိုတော့ ကြားထဲမှာ သယ်ယူပို့ဆောင်ခ အဆင့်ဆင့်ကုန်တယ်။ ဒါကြောင့် ကားနဲ့ပဲ တင်ဖြစ်တယ်” ဟု ပုသိမ်မြို့မှ ဆန်စက် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ခရီးသည်နှင့် ကုန်စည် ရရှိရန် ညှိနှိုင်း ဆောင်ရွက်နေခြင်းကြောင့် ပြန်လည် ပြေးဆွဲမည့်ရက်ကို ကြေညာ မည် ဖြစ်ကြောင်း ဦးဝင်းတင့်က ပြောဆိုသည်။

ပုသိမ်မြို့မှ ငါးသိုင်းချောင်း၊ သာပေါင်း၊ လပွတ္တာမြို့များသို့ ပြေးဆွဲနေသည့် သင်္ဘော ခရီးစဉ်များမှာလည်း ၂၀၁၂ ခုနှစ် မေလ ၂၅ ရက်နေ့မှ စတင်ရပ်နားထားကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးထံမှ သိရသည်။

The Voice Weekly