Home » » အိန္ဒိယနိုင်ငံ ဟိန္ဒူဘုရားပွဲ သေဆုံးသူ ၁၀၉ ဦးရှိပြီ

အိန္ဒိယနိုင်ငံ ဟိန္ဒူဘုရားပွဲ သေဆုံးသူ ၁၀၉ ဦးရှိပြီ

Written By Unknown on Monday, October 14, 2013 | 6:05 PM

အိန္ဒိယနိုင်ငံ မဒ်ယာပရာဒက်ရှ်ပြည်နယ်မှာ ၉ ညတိုင်တိုင် ကျင်းပတဲ့ နက်ဗရာထရီ ဟိန္ဒူဘုရားပွဲတခုမှာ ရာထောင်ချီ စုဝေးနေတဲ့လူတွေ အချင်းချင်း တိုးဝှေ့ကြရာနေ ပိမိလို့ သေဆုံးသူ ဦးရေ ၁၀၉ ယောက်ထိ မြင့်လာပြီး ဒဏ်ရာရသူ ၁၃၃ ယောက် ရှိတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့ ည ၉ နာရီလောက်က ဒါတီယာမြို့အနီးရှိ ရာတန်ဂါ ဘုရားကျောင်းနားက တံတား ကျိုးကျပြီး လူတွေ ပိမိကြတာ ဖြစ်ပါတယ်။ လူတချို့ကတော့ တံတားကနေ ရေထဲခုန်ချပြီး သေဆုံးသွားကြပါတယ်။
ဒီလို လူတွေ စပြီး တိုးဝှေ့ကြတာကတော့ တံတားကျိုးကျတော့မယ်ဆိုတဲ့ ကောလာဟလကနေ စတာပဲလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တံတားဟာ မီတာ ၅၀၀ ရှည်ပြီး ၂၀၀၇ ခုနှစ်တုန်းက ခုလို လူတွေ စုပြုံဝှေ့ခဲ့ပြီးနောက်မှာ ပြန်တည်ဆောက်ထားတာ ဖြစ်ပါတယ်။

အဲဒီဘုရားပွဲကို လာရောက်ကြသူ ၁ သိန်းခွဲလောက်ရှိပြီး သေဆုံးသူအများစုဟာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တချို့ ဘုရားဖူးတွေဟာ တန်းစီရာကနေ ကျော်တက်ကြလို့ ရဲက နံပါတ်တုတ် သုံးပြီး ရိုက်နှက်ထိန်းသိမ်းရာကနေ ခုလို လူတွေ စပြီးတိုးဝှေ့ ကြတာပဲလို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး ဒေသရုပ်သံမီဒီယာတွေကနေ ထုတ်လွှင့်သွားပါတယ်။

ဒေသအာဏာပိုင် ဆန်ကတ် ဘွန်းဒ်ဗီကတော့ ထိခိုက်ဒဏ်ရာ ရသူတွေကို အမြန်ဆုံး သက်သာအောင် ဦးစားပေး လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ရှီဗ်ရက်ဂ်ျ ဆင်းန် ချိုဟန်ကတော့ သေဆုံးသူ မိသားစုတွေကို ရူပီး ၁ သိန်းခွဲဆီ လျော်ကြေးပေးသွားမယ်လို့ ကြေညာထားပါတယ်။

by ဒီဗွီဘီ