Home » » ဓာတ်ဆီဖြင့် မီးမွှေးရာမှ လင်မယားနှစ်ဦးမီးလောင် တစ်ဦးသေဆုံး

ဓာတ်ဆီဖြင့် မီးမွှေးရာမှ လင်မယားနှစ်ဦးမီးလောင် တစ်ဦးသေဆုံး

Written By Unknown on Thursday, October 3, 2013 | 1:26 PM

တရုတ်နိုင်ငံ၊ ရွှေလီမြို့ ၌ အလုပ်သွားလုပ်သော ပလောင်လူမျိုး ဇနီးမောင်နှံနှစ်ဦး မီးမွှေးစဉ် ဓာတ်ဆီဘူးမီးလောင်ရာမှ ကိုယ်ခန္ဓာအနှံ့ လောင်ကျွမ်းခဲ့ပြီး အမျိုးသမီးသေဆုံးသွားကြောင်း မူဆယ်မြို့နယ်ဆေးရုံကြီးမှ သတင်းရရှိသည်။

““နှစ်ယောက်စလုံး မီးလောင်ဒဏ်ရာတွေနဲ့ ဆေးရုံမှာလာတက်ခဲ့ပြီး အမျိုးသမီးက အောက်တိုဘာ ၁ ရက် ညက သေဆုံးသွားပါတယ်။ အမျိုးသားရဲ့ ဒဏ်ရာအခြေအနေကတော့ သက်သာနေပါပြီ””ဟု မူဆယ်မြို့နယ်ဆေးရုံကြီးမှ တာဝန်ကျဆရာမတစ်ဦးကပြောသည်။
မီးလောင်ဒဏ်ရာရရှိခဲ့သူ နှစ်ဦးမှာ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ နယ်၊ လွယ်လမ်ရွာနေ ဦးမိုင်းလုမ် အောင်ကျိုးနှင့် ဒေါ်ယေကမ်ဆိုသူတို့ဖြစ်ပြီး တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ နေ့စားဖြင့် ခြံရှင်းအလုပ် လုပ်ကိုင်နေခြင်းဖြစ်သည်။
စက်တင်ဘာ ၃၀ရက်က ရွှေလီမြို့ရှိ ၎င်းတို့နေထိုင်ရာ အလုပ်သမားတန်းလျားတွင် ထမင်းအိုးတည်ရန် ဓာတ်ဆီဘူးဖြင့်မီးမွှေးရာမှ ဓာတ်ဆီဘူးမှောက်ကာ ခန္ဓာကိုယ်အနှံ့ မီးစွဲလောင်ခဲ့ခြင်းဖြစ်ကြောင်း လွယ်လမ်ရွာမှ ၎င်းတို့၏ မိသားစုဝင်တစ်ဦးကပြောသည်။
““ဆေးကုစရာ ပိုက်ဆံမရှိတဲ့အတွက် ရွှေလီကဆေးရုံတွေက လက်မခံလို့ ဒီဘက်ကိုပြန်လာတင်ရတော့ လမ်းမှာတင် ဒဏ်ရာအခြေအနေက ဆိုးသွားတာပါ။ မူဆယ်ဆေးရုံမှာ သေဆုံးသွားတဲ့ အမျိုးသမီးမှာ ကလေး လေးယောက်ကျန်ခဲ့ပြီး နာရေးကိစ္စကို ရပ်ကွက်ကပဲ လုပ်ပေးနေပါတယ်””ဟု ၎င်းကပြောသည်။

ရွှေလီမြို့မှ တရုတ်လူမျိုး လုပ်ငန်းရှင်က မြန်မာကျပ်ငွေတစ်သိန်းခွဲနှင့်ညီမျှသော ယွမ်ငွေတစ်ထောင်သာ ပေးအပ်ခဲ့ပြီး လျော်ကြေးအနေဖြင့် ပေးအပ်ခင်းမရှိကြောင်း သိရသည်။ ယင်းဖြစ်စဉ်မှာ တရုတ်နိုင်ငံ ရွှေလီမြို့၌ဖြစ်ပွားခဲ့ခြင်းကြောင့် မူဆယ်နှင့် နမ့်ခမ်းမြို့နယ် ရဲစခန်းများတွင် အမှုလက်ခံစစ်ဆေးထားခြင်းမရှိကြောင်း သက်ဆိုင်ရာမြို့နယ်ရဲစခန်းများမှ သတင်းရရှိသည်။


7Day Daily