Home » » သမ္မတနှင့် ပြည်ထောင်စု ၀န်ကြီးများ ပါတီမူလရာထူးတွင် တည်ရှိနေပါက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ညီညွှတ်ခြင်းရှိမရှိ လွှတ်တော်တွင် အကြိတ်အနယ် ဆွေးနွေး

သမ္မတနှင့် ပြည်ထောင်စု ၀န်ကြီးများ ပါတီမူလရာထူးတွင် တည်ရှိနေပါက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ညီညွှတ်ခြင်းရှိမရှိ လွှတ်တော်တွင် အကြိတ်အနယ် ဆွေးနွေး

Written By Unknown on Thursday, October 3, 2013 | 4:21 PM

နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ ပါတီမူလရာထူးတွင် တည်ရှိနေပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွှတ်ခြင်းရှိမရှိ သမ္မတရုံး(၂) ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်နှင့် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်တို့ ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်တွင် ထပ်ဆင့်မေးခွန်း(၄)ကြိမ် အပြန်အလှန် အကြိတ်အနယ် ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးစိုးမောင်က“နိုင်ငံတော်သမ္မတ၊ဒုတိယ သမ္မတများနှင့် ပြည်ထောင်စုဝန်ကြီးများဖွဲ့စည်းပုံအခြေခံဥပဒေပါ သက်ဆိုင်ရာ ပုဒ်မများနှင့် အညီလိုက်နာဆောင်ရွက်လျှက် ရှိပါသဖြင့် တရားဝင်ဆောင်ရွက်နေခြင်းဖြစ် ပါကြောင်းဖြေကြားအပ်ပါတယ်၊အားလုံးကိုကျေးဇူးတင်ပါတယ်။”ဟု လွှတ်တော်တွင်ဖြေကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု ၀န်ကြီးများ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၆၄)၊ပုဒ်မ ၂၃၂ ပုဒ်မခွဲ(ဋ)တို့နှင့် အညီ တရားဝင်ဆောင်ရွက်ခြင်း ရှိမရှိပါတီတွင်းဆက်လက် မူလရာထူးတွင် တည်ရှိနေပါကဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွှတ်ခြင်း ရှိမရှိကို ယနေ့အောက်တိုဘာ(၃)ရက်ကနေပြည်တော်တွင်ကျင်းပနေသော မထမအကြိမ်ပြည်သူ့လွှတ်တော် အဌမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင်မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

ဦးဝင်းမြင့်က“ပြည်သူလွှတ်တော်ဆိုင်ရာနည်းဥပဒေပုဒ်မ(၁၁၆)ပုဒ်မခွဲ (ဃ)အရတစ်ဆက်စပ်တည်း မေးခွန်းကို ကျွန်တော် ကို မေးခွင့်ပြုပါ ဥက္ကဌကြီးကတစ်ဆင့်တင်ပြအပ်ပါတယ်။ခုနကမေးတဲ့မေးခွန်းကို ဖြေတဲ့ အဖြေဟာလိုက်နာဆောင်ရွက်လျှက်ရှိပါတယ်၊ဆက်လက်ဆောင်ရွက်လျှက်ရှိ ပါတယ်ဆိုတာတိကျရှင်းလင်းတဲ့ အဖြေကိုပဲ ကျွန်တော်တို့ကြား ချင်ပါတယ်၊”ဟုထပ်ဆင့်မေးမြန်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဦးစိုးမောင်က“မေးခွန်းနဲ့ပက်သက်လို့ ကျွန်တော်လဲ အဘက်ဘက် က လေ့လာကြည့်ပါတယ်၊ မေးခွန်းကိုယ်တိုင် ကျွန်တော်ကိုယ်တိုင် ကျွန်တော်ပဲတွေဝေသလား၊တွေးချော်သလား ၊ကျွန်တော်မေးခွန်းကို သိပ်သဘောမပေါက်ပါဘူး၊ဒီတရားဝင်ဆောင်ရွက် ထားခြင်းရှိမရှိဆိုတာတရားဝင်ဆောင်ရွက်ရန်ဘယ်လိုလုပ်ဖို့ရှိပါသလဲ ကျွန်တော်လေ့လာကြည့်တဲ့အခါမှာဒီပုဒ်မ(၆၄) မှာလဲ အင်္ဂလိပ်လို ပါတာကတော့(They shall not take part in its party activities during their termof office from the day of their election )လို့ပဲပါတယ်။
ကျွန်တော်နားလည်တာက တော့ (activities) ဆိုတာ ပဲပါပါတယ် (activities)ကိုလည်း ကျွန်တော်တို့ (Dictionary) လှန်ကြည့်တဲ့ အခါမှာ လုပ်ရှားဆောင်ရွက်မှု လိုပဲပါတယ်၊ကျွန်တော်တို့ သဘောပေါက်တာကတော့ (activities) ကို ဘယ်သူမှ ၀င်ရောက်ဆောင်ရွက်ခြင်း မရှိပါဘူး။ (activities) နဲ့ ပက်သက်လို့ကျွန်တော်နားလည်တာလည်း ပါတီစည်းရုံးရေး လုပ်ငန်းတွေ ကျွန်တော်တို့ ၀င်ရောက်လုပ်ကိုင်တာ မတွေ့ရပါဘူး ကျွန်တော်တို့ (resposibility) တာဝန် ပိုင်းအရ ( Post) ယူထားတာရှိပါတယ်၊(Rank )အရ ယူထားတာရှိပါတယ် ဒီထဲမှာ (Retire) ဆိုတဲစာလုံးလဲ မပါပါဘူး (resign) လို့လဲ မပါပါဘူး (resignation) လို့လဲမပါတဲ့ အတွက် ဒီဥစ္စာဟာ ကျွန်တော်တို့ လက်ရှိ ကျွန်တော်တို့ဆောင်ရွက်တဲ့အတိုင်း တရားဝင်ဆောင်ရွက်နေခြင်းပဲ ဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်ပါတယ် ဒီလောက်ပါပဲ၊ကျေးဇူးတင်ပါတယ်”ဟု လွှတ်တော်ကိုပြန်လည်တင်ပြခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၆၄)တွင်“နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတ များသည် နိုင်ငံရေးပါတီတစ်ခုခု ၏အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတ များ အဖြစ်ရွေးချယ်တင်မြှေက်ခြင်းခံရသည့်နေ့ မှစ၍ မိမိတို့ရာထူးသက် တမ်းအတွင်းယင်းပါတီအဖွဲ့အစည်း၏
ပါတီလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခြင်းမပြုရ”ဟုပါရှိပြီး ပုဒ်မ၂၃၂ပုဒ်မခွဲ(ဋ) တွင်“ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခံရ သည့်နေမှစ၍မိမိရာထူးသက်တမ်းအတွင်းယင်းပါတီအဖွဲ့ အစည်း၏ ပါတီလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ ”ဟုပါရှိသည်။

တတိယ အကြိမ်မေးခွန်းအဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က“ ကျွန်တော်ကို ဆက်လက်မေးခွင့်ပြုပါခင်ဗျ၊ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၄၅၂ မှာ ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၏ နိဒါန်း၊ပုဒ်မများ ပုဒ်မခွဲများစကားလုံးစုများ၊စကားလုံး တစ်လုံးခြင်း၏ အနက်အဓိပ္မါယ် သဘောအယူအဆများ ဖွင့်ဆိုရာ၌ မြန်မာစာဖြင့်ရေးသားချက်များ အပေါ်တွင် အခြေပြုရမည်လို့ အတိအကျပြဌာန်း ထားပါတယ်၊ဒါကြောင့်မိုလို့ မြန်မာစာဖြင့်ရေးသားချက်များအပေါ်မှာပဲ အများပြည်သူလူထု နားလည်တဲ့ အတိုင်း အဓိပ္မါယ်ဖွင့် ရမှာ ဖြစ်ပါတယ် အင်္ဂလိပ်လို အဓိပ္မါယ် ဖွင့်ရမှာ မဟုတ်တဲ့အတွက် မြန်မာစာဖြင့်ဖွင့် ဆိုတဲ့အပေါ်မှာပဲ တိကျရှင်းလင်းတဲ့အဖြေ ကျွန်တော်တို့ မေးခြင်းဖြစ်ပါတယ် ”ဟု ထပ်ဆင့်မေးမြန်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဦးစိုးမောင်က “ကျွန်တော်တို့ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ ဒီပုဒ်မ ၆၄ မှာ လဲဒီလိုဆိုပါတယ် ၊ပုဒ်မ ၂၃၂( ဋ) မှာလဲ ပါတီလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခြင်းမပြုရ
ဆိုပါတယ်၊ပါတီလုပ်ငန်းဆောင်ရွက်ခြင်း မရှိကြောင်း ကျွန်တော်တို့ တင်ပြအပ်ပါတယ်။”ဟုဆက်လက်ဖြေကြားခဲ့သည်။

စတုတ္ထ အကြိမ်မေးခွန်းအဖြစ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က“ဆောင်ရွက်ခြင်းမရှိပဲ နဲ့ ခုန အဓိပ္ပါယ်မှာ ထွေးပြောသွားပါတယ် ချွင်းချက်နဲ့ပြောသွားပါတယ် ပါဝင်ဆောင်ရွက်ခြင်း မပြုရလို့ အဓိပ္မါယ်က ဆိုထားတာပါ အခုဖြေသွားတာကပါဝင်ဆောင်ရွက်ခြင်း မပြုတာပဲ ပြောပါတယ် ပါဝင်တာက ထင်ရှားနေပါတယ် ၀န်ခံပြီးသားလဲဖြစ်ပါတယ်ဒါဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ ညီမညီ သိလိုပါတယ်”ဟု ထပ်ဆင့်မေးမြန်းခဲ့သည်။ 

နောက်ဆုံးအနေဖြင့်ပြည်ထောင်စုဝန်ကြီးဦးစိုးမောင်က“ဥပဒေနဲ့ ၆၄ နဲ့ရော
၂၃၂ (ဋ) နဲ့ ပါညီပါကြောင်း ဖြေကြားအပ်ပါတယ်”တယ်ဟု လွှတ်တော်ကို ဆက်လက်တင်ပြခဲ့သည်။

စိုင်းနောင်
Popular Myanmar News Journal