Home » » ဆက်သွယ်ရေး ဥပဒေကြမ်း သမ္မတအတည်မပြု

ဆက်သွယ်ရေး ဥပဒေကြမ်း သမ္မတအတည်မပြု

Written By Unknown on Friday, September 20, 2013 | 12:19 PM

ရန်ကုန်၊ စက်တင်ဘာ ၁၉

ပြည်ထောင်စုလွှတ်တော်က သြဂုတ်လ ၂၇ ရက်နေ့တွင် အတည်ပြုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ထားသည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို သမ္မတက အတည်ပြုခြင်းမရှိဘဲ ပြင်ဆင်ချက် သဘောထားမှတ်ချက်များဖြင့် လွှတ်တော်သို့ ပြန်လည် ပေးပို့လာကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု လုပ်ငန်းစရန် အဓိက လိုအပ်ချက် တစ်ခုဖြစ်သည့် ဆက်သွယ်ရေး ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သော်လည်း နိုင်ငံတော်သမ္မတက အတည်မပြုသဖြင့် လွှတ်တော်တွင် ပြန်လည် ဆွေးနွေးရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“သမ္မတရဲ့ သဘောထားမှတ်ချက်ကို ဥပဒေကြမ်း ပူးပေါင်းကော်မတီမှာ ဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်မှာ ပြန်အတည်ပြုရပါမယ်” ဟု ဦးစောလှထွန်းက ဆိုသည်။

ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်သည့် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လာမည့် လွှတ်တော် အစည်းအဝေးများ မစတင်မီ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီတွင် ဆွေးနွေးနိုင်ပြီး အောက်တိုဘာလဆန်း၌ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပြန်လည် စတင်သည့်အခါ ဆုံးဖြတ် အတည်ပြုနိုင်ဖွယ် ရှိကြောင်း အဆိုပါ ကော်မတီဝင် ဦးသိန်းထွန်းဦးက ရှင်းပြသည်။

ဥပဒေကြမ်း ကော်မတီများမှာ လွှတ်တော် အစည်းအဝေး မစတင်မီ ကြိုတင်ပြင်ဆင်သည့် လုပ်ငန်းများ ဆောင်ရွက်ရသဖြင့် ဆက်သွယ်ရေး ဥပဒေကြမ်းကို အချိန်တိုအတွင်း ပြန်လည် ဆုံးဖြတ် အတည်ပြုနိုင်ဖွယ် ရှိကြောင်း၊ သို့သော် အချိန်မည်မျှ ကြာမြင့်နိုင်သည်ကိုမူ အတိအကျ မပြောနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍတွင် ဝင်ရောက် လုပ်ကိုင်ခွင့် ရရှိထားသည့် နော်ဝေကုမ္ပဏီ တယ်လီနောနှင့် ကာတာကုမ္ပဏီ အော်ရီဒူးတို့ လုပ်ငန်းစတင်နိုင်ရေး ဆက်သွယ်ရေး ဥပဒေအတည်ပြု ထုတ်ပြန်ရန် အရေးတကြီး လိုအပ်နေကြောင်း၊ သို့သော် ဥပဒေကြမ်းကို သမ္မတ အတည်မပြုသည့်အပေါ် မှတ်ချက်ပေးရန် မရှိကြောင်း အော်ရီဒူးကုမ္ပဏီ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောဆိုသည်။

ဆက်သွယ်ရေး ဥပဒေကြမ်းကို အတည်ပြုဋ္ဌာန်းနိုင်ရေး သမ္မတ၏ ပြင်ဆင်ချက် သဘောထားမှတ်ချက်များ အပေါ်တွင် အဓိက မူတည်မည်ဖြစ်ပြီး လာမည့် လွှတ်တော်တွင် အချိန်မီ ဆွေးနွေး အတည်ပြုနိုင်မည်ဟု ခန့်မှန်းကြောင်း၊ ထပ်မံ၍ အချိန်ကြန့်ကြာခြင်းမျိုး မဖြစ်သင့်ကြောင်း မြန်မာအိုင်စီတီ ဖွံ့ဖြိုးရေးအဖွဲ့ (MIDO) ခေါင်းဆောင် ကိုနေဘုန်းလတ်က သုံးသပ်သည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၈၀ ရာခိုင်နှုန်း မိုဘိုင်းလ်ဖုန်း အသုံးပြုနိုင်ရန် သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် ရွေးချယ် ခွင့်ပြုထားသော ပြည်ပကုမ္ပဏီနှစ်ခုသည့် ၎င်းတို့၏ ဝန်ဆောင်မှု လုပ်ငန်းများကို ဇန်နဝါရီလတွင် စတင်မည် ဖြစ်ကြောင်း ကြေညာထားပြီး ယင်းသို့စတင်နိုင်ရန် ဆက်သွယ်ရေး ဥပဒေတစ်ရပ် အမြန်ဆုံး အတည်ပြု ပြဋ္ဌာန်းပေးရမည် ဖြစ်သည်။

The Voice Weekly