Home » » နေပြည်တော် ပုဗ္ဗသီရိတွင် ရဲနှင့်ရွာသားများပဋိပက္ခဖြစ် ရဲတပ်ဖွဲ့ဝင်ငါးဦး ဆေးရုံရောက်

နေပြည်တော် ပုဗ္ဗသီရိတွင် ရဲနှင့်ရွာသားများပဋိပက္ခဖြစ် ရဲတပ်ဖွဲ့ဝင်ငါးဦး ဆေးရုံရောက်

Written By Unknown on Friday, September 20, 2013 | 12:09 PM

လယ်ယာမြေပြဿနာမှ အစပြု၍ ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသားများ ပဋိပက္ခဖြစ်ပြီး ရွာသားများကဖမ်းဆီးထားသော ရဲတပ်ဖွဲ့ဝင်များကို ရဲအင်အားတစ်ရာကျော်ဖြင့် သွားရောက်ကယ်တင်ခဲ့ရသော ဖြစ်စဉ်တစ်ခု နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာတွင် စက်တင်ဘာ ၁၉ ရက် နံနက် ၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ ၀ရမ်းထုတ်ထားသည့် ရွာသားခြောက်ဦးကို ရွှေသွင်းကုန်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးစဉ် ရွာသားအင်အား သုံးရာခန့်က ပြန်လည်ဝိုင်းရံကာ အဆိုပါရဲတပ်ဖွဲ့ဝင် ငါးဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းဖြစ်ကြောင်း ပုဗ္ဗသီရိမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

““ရွာသားတွေက အင်အားအရမ်းများပြီး မင်းတို့ကို ပြည်သူတွေဝိုင်းထားပြီ။ လက်နက်ချပါလို့ ပြောတာ။ ရဲအရာရှိတွေကိုပါ ကြိုးတွေနဲ့ တုပ်ထားတာပါ””ဟု အ ထက်ပါရဲအရာရှိက ပြောသည်။
““ကျွန်တော့်ကို ဧည့်စာရင်းစစ်တယ်ဆိုပြီး ရဲနဲ့လူ ၃၀ ကျော်လောက်က အိမ်ပေါ်တက်လာတယ်။ လည်ပင်းကို လေး၊ ငါး ယောက်လောက်ကနင်းပြီး လက်ထိတ်ခတ်ခဲ့ပါတယ်””ဟု စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းအထိ လက်ထိတ်တန်းလန်းဖြင့်ရှိနေသူ ကိုဇော်လတ်က ပြောကြားသည်။
၎င်း၏ဇနီးနှင့် သမီးတို့က အော်ဟစ်သောကြောင့် ဓားပြတိုက်သည်အထင်ဖြင့် ရွာသားများ ၀ိုင်းအုံလာကြရာ ရဲတပ်ဖွဲ့ဝင်များလည်း ထွက်ပြေးသွားကြကြောင်း ၀ဲကြီးရွာသားအချို့ထံမှ သိရသည်။ဖမ်းဆီးခံထားရသော ရဲအရာရှိအချို့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး နေပြည်တော် ခုတင်တစ်ထောင်ဆေးရုံတွင် တက်ရောက်ကုသနေရကြောင်း သတင်းရရှိသည်။ ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုတစ်စုံတရာမပြုခဲ့ကြောင်း ဒေသခံရွာသားများထံမှ သိရသည်။

““ဒီကိစ္စနဲ့ပတ်သက်ပြီး မဖြေလိုပါဘူး။ ရဲတပ်ဖွဲ့ဝင်ငါးဦး ဆေးကုသမှု ခံယူနေရတယ်။ တစ်ယောက်ကတော့ ဒဏ်ရာပြင်းတယ်””ဟု ရွှေသွင်းကုန်း ရဲစခန်းစခန်းမှူးက ပြောသည်။
““တရားခံအိမ်ကိုဝင်ပြီးဖမ်းတာမှာ ဓားပြတိုက်နေပြီလို့ အိမ်ရှင်ကအော်တော့ ရွာသားသုံးရာကျော်လောက်ဝိုင်းပြီး ရဲတွေကို ဖမ်းချုပ်တာပါ။ ဖမ်းမိထားတဲ့ တရားခံတွေကိုလည်း ပြန်လုသွားပါတယ်””ဟု ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရွှေသွင်းကုန်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အင်အား သုံးဆယ်ခန့်ကို ကယ်တင်နိုင်ရန် ပျဉ်းမနားရဲစခန်း၊ နေပြည်တော်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ ကျည်တောင်ကန်ရဲစခန်း၊ လယ်ဝေးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် အင်အားတစ်ရာခန့်ဖြင့် နံနက်လင်းချိန်တွင် သွားရောက်ကယ်တင်ခဲ့ရကြောင်း သိရသည်။

7day daily