Home » » ရွှေပြည်သာမြို့နယ်တွင် သစ်ပင်အတွင်းက ဆင်းထုတော်ပေါ်ခြင်းမှာ မဟုတ်မှန်ဟု ဆို

ရွှေပြည်သာမြို့နယ်တွင် သစ်ပင်အတွင်းက ဆင်းထုတော်ပေါ်ခြင်းမှာ မဟုတ်မှန်ဟု ဆို

Written By Unknown on Friday, September 20, 2013 | 4:15 PM

ရွှေပြည်သာမြို့နယ်၊ ပုလဲလမ်းအနီးရှိ သစ်ပင်မှ ပေါ်ပေါက်လာသော ဆင်းထုတော်တစ်ဆူမှာ အဆိုပါသစ်ပင်အတွင်းမှ တဖြည်းဖြည်း ထွက်ပေါ်လာခြင်းမဟုတ်ဘဲ ယခင်ကတည်းက ရှိနေခဲ့ကြောင်း ရွှေပြည်သာမြို့နယ်၊ ၁၁ ရပ်ကွက်ရှိ စိတ္တသုခ ကျောင်းတိုက်မှ ဆရာတော်က ၁၉-၉-၂၀၁၃ ရက်တွင် မိန့်ကြားခဲ့သည်။

ရွှေပြည်သာမြို့နယ်တွင် လူတစ်ဦး သစ်ပင်မှ ဆင်းထုတော်ထွက်ပေါ်သည်ဟု အိပ်မက်မြင်ရာမှ သွားရောက်ကြည့်ရှုသောအခါ အိပ်မက်ထဲအတိုင်း ဆင်းထုတော်တစ်ဆူ ရှိနေခဲ့ပြီး ထိုဆင်းထုတော်မှာ သစ်ပင်ထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာသည်ဟု သတင်းများထွက်ပေါ်နေပြီး တစ်နေ့ထက် တစ်နေ့ ဘုရားဖူး များပြားလျှက်ရှိကြောင်း သိရသည်။

“ဦးပဉ္စင်းဆီက ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖုန်းဆက်တယ်၊ သစ်ပင်ထဲမှာ ဆင်းထုတော်တစ်ဆူ ပေါ်နေတယ်၊ပြီးတော့ လူတွေ အုန်းအုန်း ကျွတ်ကျွတ်ဖြစ်နေတယ်ဆိုပြီး အဲဒါနဲ့ ဦးပဉ္စင်းတို့သွားကြည့်တာ သစ်ပင်ထဲမှာဆင်းထုတော် တစ်ဆူ ရှိနေတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဆင်းထုတော်က သစ်ပင်ထဲမှ တဖြည်းဖြည်းထွက်ပေါ်လာတာမျိုး မဟုတ်ပါဘူး။ ဦးပဉ္စင်းတို့ ငါးမိနစ်လောက်ထိ သေချာစောင့်ကြည့်တယ်။ လူတွေကကြည်ညိုစိတ်နဲ့ သစ်ပင်ထဲမှ ဆင်းထုတော်က တဖြည်းဖြည်း ထွက်လာတယ်ဆိုပြီး ပြောကြတယ်။အမှန်တော့ မဟုတ်ပါဘူး။ တစ်ချို့အိမ်တွေမှာ ဘုရားနှစ်ဆူ မပူဇော်ကောင်းလို့ ဆိုပြီး သစ်ပင်ကြားထဲ ထည့်သွားတာမျိုး ရှိတက်တယ်။ သစ်ပင်ဆိုတာကလည်း တဖြည်းဖြည်း သက်တမ်းရင့်လာတာမျိုးဆိုတော့သစ်ပင်က ငုံသွားတာမျိုးလည်း ဖြစ်တက်ပါတယ်။ ဒီနေရာမှာ လူတွေ အရမ်းများလာရင် မဖြစ်ဘူးဆိုပြီး ဦးပဉ္စင်းတို့ဆီ ခေတ္တပင့်ဆောင်လာတာပါ” ဟု ရွှေပြည်သာမြို့နယ် ၊၁၁ ရပ်ကွက် ၊ စိတ္တသုခကျောင်းမှဆရာတော်က ၁၉-၉-၂၀၁၃ တွင် မိန့်ကြားခဲ့သည်။

မည်သို့ပင်ဖြစ်စေဆင်းထုတော်တစ်ဆူသည်မသင့်လျှော်သောနေရာ ရောက်ရှိနေခြင်းကြောင့် ခေတ္တပြောင်းရွေ့ထားကြောင်း ဆရာတော်က ထပ်မံ မိန့်ကြားခဲ့သည်။

ပန်းနု(သတင်း၊ဓာတ်ပုံ)
ပြည်မြန်မာသတင်းစာ