Home » » မိုးနည်းရေရှားဒေသ နတ်မောက်မြို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်

မိုးနည်းရေရှားဒေသ နတ်မောက်မြို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်

Written By Unknown on Tuesday, September 17, 2013 | 8:36 AM

မြန်မာနိုင်ငံအနှံ့အပြား နေရာဒေသ အသီးသီးတို့တွင် ယခုရက်ပိုင်းတွင်း မိုးများရက်ဆက်ရွာသွန်း၍ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လျှက်ရှိနေရာ မိုးနည်းရေရှား ဒေသဖြစ်သော မကွေးတိုင်း ဒေသကြီး၊နတ်မောက်မြို့တွင်လည်း ယခုလ ၁၃-၁၄-၁၅-၁၆ရက်များက ရွာသွန်းခဲ့သော မိုးများကြောင့် မြို့နယ်လယ်ယာ ဖွံဖြိုးရေးဘဏ်၊ မြို့နယ်မြေစာရင်းဌာန၊ မြို့နယ်လ.ဝ.ကရုံး၊ မြို့နယ်စိမ်း/စို၊ မြို့နယ်တရားရုံး မြို့နယ်အခွန်ရုံးစသောဌာနများနှင့် အောင်ဆန်းရပ်ကွက်တောင်ခြမ်း၊ တမာပင်ရပ်ကွက်တောင် ခြမ်း၊ဘူတာရွာတို့တွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ရာ ရေကြီးခြင်းနှင့် ပတ်သက်ပြီး အတွေ့အကြုံ့မရှိကြသည့် နတ်မောက် သားများအဖို့ လွန်စွာဒုက္ခရောက်ကြရကြောင်း ဒေသခံများက ပြောသည်။

''အမှန်ကတော့ ကျွန်တော်တို့ ဌာနအကြီးအကဲများ အနေနဲ့ ကြိုတင်ပြီးတော့ တင်ပြကြဘူးပါတယ်။နှစ်ကြိမ်သုံးကြိမ် တောင်ရှိခဲ့ပါပြီ။ကျွန်တော့ဌာနဆိုရင် အရေးကြီးစာရွက်စာတမ်းတွေ အများကြီး ရှိတာပေါ့၊ အလားတူပဲ ကျန်တဲ့မြေစာရင်းဌာန၊လ.ဝ.ကတို့ဆိုလည်း ရှိတာပေါ့။ ဒီလိုအချိန်မှာ ရေဘေးကြောင့်ပျက်စီးမှုတွေ ဖြစ်လာရင်ဘယ်လိုလုပ်ကြမလဲ။ ၁၄ရက်နေ့ကဆို နံနက်စော၂နာရီမှာ ရေတွေတက်လာတယ်။ မထင်မှတ်ပဲတက်လာတာဆိုတော့ ကျွန်တော်တို့မှာ စာရွက်စာတမ်းတွေကို စာပွဲ တွေ၊ကုလားထိုင်တွေ၊ ကောင်တာတွေပေါ်ကိုရွှေ့ကြရတယ်။ လူတွေကတော့ မိုးလင်းတဲ့အထိ ရေထဲမှာ။'' မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဦးမျိုးနိုင် ကပြောသည်။

အခုလို ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လာရခြင်းမှာ နတ်မောက်မြို့၏ အနောက်ဘက် ၃ ဖာလုံခန့်အကွာတွင် နတ်မောက်-မကွေးမီးရထားလမ်း ဖောက်လုပ်လက်စမြေသား တာဘောင်ကြီးကြောင့်သာ ဖြစ်ကြောင်း၊ အဆိုပါတာဘောင်ကြီး တလျှောက်ရှိ ရေစီးကြောင်းများကို ရေထုတ်ပြွန်များ မတပ်ဆင်ပဲ ဆည်ဘောင်တစ်ခု ပမာ အလုံပိတ်ထားခဲ့ရာမှ အကြောင်းကြောင်းကြောင့် လုပ်ငန်းများ ယာယီရပ်ဆိုင်းထားခဲ့ရာ အဆိုပါ ရပ်ဆိုင်းထားသော တာဘောင်ထိပ်မှနေပြီး  တလျှောက်လုံးစုဆောင်းလာ သမျှ ရေများ အလုံးအရင်းနှင့် ထွက်လာခဲ့ရာ အနိမ့်ပိုင်းတွင်ရှိနေသော နတ်မောက်မြို့တောင်ဖျားရှိ ဌာနများနှင့်လူနေအိမ် ခြေများမှာ ရေကြီးခြင်းပြဿနာနှင့် မကြုံစဖူး ယခုနှစ်တွင်ကြုံတွေ့နေကြရခြင်း ဖြစ်ပြီးလယ်ကွင်းများ ရေလွှမ်းကာစိုက်ပျိုးပြီး စလယ်ကွက်များ ပျက်စီးမှုများရှိကြောင်း၊ တာဘောင်ကြီး၏လိုအပ်သောနေရာအခိျု့တွင် ရေထုတ်ပြွန်များ တပ်ဆင်ပေးသင့် ကြောင်း တမာပင်ရပ်ကွက်ရှိ ရပ်ကွက်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်တစ်ဦး ကရှင်းပြသည်။

အလားတူ နတ်မောက်မြို့ အပြင်ဘက်တွင်ရှိသော ဘူတာကျေးရွာတွင်လည်း ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ရာ နတ် မောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင့်ဇော်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးမြင့်လွင်နှင့်မြို့နယ်အဆင့်တာဝန်ရှိသူများ သွားရောက် ကာကြည့်ရှုစစ်ဆေးပြီး ရေထွက်ပေါက်များ ဖန်တီးဆောင်ရွက်ပေးခဲ့ကြသည်။

ဘူတာကျေးရွာမှ ရွာသားတစ်ဦးက''အခုလိုဖြစ်မှ ဆောင်ရွက်နေခြင်းထက် မဖြစ်ခင်က ကြိုလုပ်ထားသင့်တာပေါ့။ ရထား လမ်းဟောင်းကပြွန်တွေက ရေထွက်အားကကောင်းတယ်။ ဒီကလမ်းသစ်မှာကရေထုတ်ပြွန်မပါတော့ ရေတွေဝိုင်း တော့တာပေါ့။ အခုတော့ရေတွေဖောက်ပြီးပြီ ပြွန်တပ်မှာလို့ပြောတယ်။ဒါဆိုရင်တော့မဆိုးပါဘူး''ဟုပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တောင်တွင်းကြီးမြို့ဓာတ်အားခွဲရုံမှ သွယ်တန်းထားသောဓာတ်အားလိုင်းမှ ဓာတ် တိုင်များပြိုလဲခြင်းများ ဖြစ်ပေါ်ခဲ့ရာ နတ်မောက်မြို့နှင့်မြို့သစ်မြို့များတွင်လျှပ်စစ်မီး ရက်ရှည်ပြတ်တောက်ခြင်းများ ကြုံတွေ့နေကြရသလို ကားလမ်းများချိုးယွင်းပျက်စီးနေမှုများ ကြောင့် နတ်မောက်မြို့မြောက်ဘက် ပန်းတင်ရိုးရေကျော်အနီးတွင်လည်း ဟီးနိုးကုန်တင်ယာဉ်တစ်စီး(ည/၉၂၄၉)မှာ ဘီးချော်ကာ တုန်းလုံးလဲနေသည်ကိုမြင်တွေ့ခဲ့ရသည်။

အဆိုပါမိုးကို ဒေသခံများအနေဖြင့် ကြည့်နောက်မိုး(ကြည်လွဲပြီးမှရွာသောမိုး) ဟုခေါ်ကြပြီး မြို့ကြီးများ၌ကန်ထရိုက်ငို မိုးဟုခေါ်သော အဆိုပါမိုးကြီးမှုကြောင့် နတ်မောက် ယင်းချာင်းတံတားအနည်းငယ်ပျက်စီးမှုနှင့် နေပြည်တော်-မြို့သစ် –ကန်ပြားလမ်းပိုင်းပေါ်ရှိ မိုင်တိုင်အမှတ်၅၁/၅၂ကြားရှိ ယင်းချောင်း တံတားအမှတ်(၁)တို့၏ ချဉ်းကပ်လမ်း ပျက်စီးမှုများရှိခဲ့ကာ နတ်မောက်မြို့တောင်ဘက်ရှိသစ်ပုံဆည်ကြီးမှာလည်း မကြုံစဖူး ထူးကဲစွာရေပြည့်နေပြီး စိုးရိမ်ရေမှတ်အနေအထားသို့ ပင်ရောက်ရှိနေကာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြုပြင်ဆောင်ရွက်ခြင်းများ ပြုလုပ်ကာ မပြတ်စောင့်ကြည့်နေကြကြောင်းသိရသည်။

ပေါ်ဦး(နတ်မောက်)

by Myanmar News Now