Home » » ရတနာပုံတက္ကသိုလ်အရှုပ်တော်ပုံ သမ္မတရုံးတိုက်ရိုက်စစ်ဆေး

ရတနာပုံတက္ကသိုလ်အရှုပ်တော်ပုံ သမ္မတရုံးတိုက်ရိုက်စစ်ဆေး

Written By Unknown on Tuesday, September 17, 2013 | 11:54 AM

မန္တလေးတိုင်းဒေသကြီး ရတနာပုံတက္ကသိုလ်မှ အရှုပ်တစ်ခုသဖွယ်ဖြစ်နေသည့် ကိစ္စများအားပါမောက္ခ ချုပ် ဒေါက်တာခင်မောင်ဦးအပါအဝင် တာဝန်ရှိသူအချို့ကို သမ္မတရုံးမှ တာဝန်ရှိသူများနှင့် ပညာရေး ဝန်ကြီးဌာနတို့မှ ငွေကြေးအလွဲသုံးစားကိစ္စများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း တက္ကသိုလ်ဆရာ အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါစစ်ဆေးမှုတွင် ရတနာပုံမဂ္ဂဇင်း ဆိုင်ရာငွေကြေးများ၊ စားသောက်ဆိုင်ကိစ္စများ၊ ဆရာမများအ ဆောင်၊ ကွန်ကရစ် ကျောင်းလမ်းမကြီးကိစ္စများ၊ ဘွဲ့နှင်းသဘင်ဓာတ်ပုံတင်ဒါကိစ္စများ စသည်တို့ကို အချိန်ယူစစ်ဆေးသွားသည်ဟု သိရသည်။ ထို့အပြင် သင်္ချာဌာနမှူး ဒေါက်တာဒေါ်နှင်းဦးကိုလည်း မေးခွန်းမှားယွင်းမှုများတက္ကသိုလ်နှင့် ပတ်သက်၍စစ်ဆေးသွားခဲ့သည်ဟု သိရသည်။

"ပထမဆုံး သမ္မတရုံးက လာစစ်တယ်၊ ညနေကျောင်းဆင်းရင် ကားနဲ့လာပြီးတော့စစ်တယ်၊ နောက် စသုံးလုံးမှာ သွားအစစ်ခံရတယ်။ အခုပြီးတော့ ပညာရေးဝန်ကြီးဌာနက လာစစ်တယ်။ အားလုံးပေါင်း ၂၈ ယောက်ဝန်းကျင် စစ်ဆေးခံရတယ်၊ တစ်ခုထူးခြားတာက မဂ္ဂဇင်း၊ ကော်မတီမှာလည်း ဒီလူတွေပဲ၊ စားသောက်ဆိုင်ကိစ္စတွေမှာလည်း ဒီလူတွေပဲ။ အကုန်လုံးလိုလိုက ဒီလူတွေပဲ လုပ်ကိုင်နေတာကို တွေ့ရတယ်ဟု တက္ကသိုလ်ဆရာတစ်ဦးက ပြောသည်။

ယင်းသို့ စစ်ဆေးရာတွင် ရတနာပုံနှစ်ပတ်လည်မဂ္ဂဇင်းကို အုပ်ရေများစွာရောင်းချသော်လည်း အုပ်ရေ အမှန်မတင်ပြခြင်း၊ စားသောက်ဆိုင် လေလံကြေးနှင့်ဌာနဆိုင်ရာသို့ တင်ပြငွေကွာဟနေခြင်း၊ စသည် တို့ကို စစ်ဆေးမှုများ ပြုလုပ်သွားသည်ဟု ဆိုသည်။

"စစ်ဆေးသွားတာတွေကတော့ ငွေကြေးအလွဲသုံးစားမှုလို့ပဲသုံးရမယ် ထင်တယ်၊ စားသောက်ဆိုင် တွေဆိုရင်အနည်းဆုံး စာသင်နှစ်တစ်နှစ်စာကို သိန်းလေးဆယ်ကနေ သိန်းတစ်ရာကျော်အထိရှိတယ်၊ ဒါပေမယ့်ဝန်ကြီးဌာနကို အများကြီးလျှော့ပြီး တင်ပြထားတယ်။ ဒါပေမယ့်ဆိုင်ခန်းနှစ်ခန်းကတော့ အမှန်အတိုင်းဖြေမသွားပဲ လျှော့ဖြေသွားတယ်လို့လည်း သိရတယ်။ သိထားတာတွေတော့ တော်တော် များပါတယ်။ ဒါပေမယ့်ပြောလို့ မရသေးဘူး။ ဘယ်လိုအရေးယူမလဲဆိုတာ စောင့်ကြည့်ရဦးမယ်" ယင်းတက္ကသိုလ်ဆရာတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ စစ်ဆေးသွားခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူခြင်းမရှိသေးကြောင်း၊ ထို့အတူဝန်ကြီး ဌာနစစ်ဆေးမှုနှင့် သမ္မတရုံးစစ်ဆေးမှုတို့ကိုလည်း တစ်စုံတစ်ရာမသိရှိကြရသေးဘဲ ပွင့်လင်းမြင်သာမှု မှာ အားနည်းလျက်ရှိပြီး ပညာရေးစနစ်မှာ ကြိုးနီစနစ်လွှမ်းမိုးနေဆဲဖြစ်ကြောင်း တက္ကသိုလ်ဆရာများ အသိုင်းအဝိုင်းက သုံးသပ်သည်။

"ဆရာမ ဒေါ်စိုးစိုးခိုင်ကိုကျတော့ နှစ်ဆင့်လောက်ကို ချက်ချင်းကြီးအရေးယူလိုက်တယ်။ အခုကိစ္စကျ တော့ ဘယ်လိုအရေးယူမလဲစောင့်ကြည့်မယ်၊ ပညာရေးလောကသားတွေအကုန်လုံး အခုကိစ္စကို စိတ်ဝင်တစား စောင့်ကြည့်နေတယ်" ဟုဆရာများသမဂ္ဂမှ ဆရာတစ်ဦးကဆိုသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးကို ဆက်သွယ်မေးမြန်းရာ "ဘာမှပြော စရာမရှိဘူး" ဟုဖြေကြားခဲ့ပြီး ထပ်မံ၍ "လာရောက်စစ်ဆေးသွားတယ်ဆိုတာ ဟုတ်ပါသလား" ဟု မေးမြန်းရာတွင်လည်း "အဲလိုလည်းမပြောဘူး" ဟုဖြေကြားကာ ဖုန်းချသွားခဲ့ပြီးနောက် ထပ်မံဆက် သွယ်သော်လည်း ဆက်သွယ်မှုမရရှိတော့ပေ။

လူထုပုံရိပ်သတင်းဂျာနယ်