Home » » မိုးထိမိုးမိဒေသမှ အဖိနှိပ်ခံ လူထု မန္တလေးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်

မိုးထိမိုးမိဒေသမှ အဖိနှိပ်ခံ လူထု မန္တလေးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်

Written By Unknown on Tuesday, September 17, 2013 | 7:09 AM

အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော်ထုတ်လုပ်မှုကုမ္ပဏီ၏ လုပ်ကွက်များ သိမ်းယူလာမှုကြောင့် ဒေသခံလုပ် သား သုံးသောင်းခန့် အလုပ်လက်မဲ့ဖြစ်နေကြောင်းကို မိုးထိမိုးမိဒေသခံများမှ ၁၆-၉-၂၀၁၃တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို မန္တလေးမြို့၊ ၇၄လမ်း၊ ၃၆လမ်းနှင့် ၃၇လမ်းကြားရှိ Mister 88 ကဖေးတွင် နေ့လည် (၁)နာရီခွဲ၌ ကျင်းပခဲ့သည်။

ဒေသခံများ အလုပ်လက်မဲ့ဖြစ်ပေါ်နေသောကြောင့် ဆန္ဒဖော်ထုတ်ရန် ရမည်းသင်းမြို့နယ်ရဲစခန်းသို့ (၆-၉-၂၀၁၃)တွင် ခွင့်ပြုမိန့် တင်ခဲ့သော်လည်း ပယ်ချခြင်းခံခဲ့ရသောကြောင့် ဆက်လက်၍ (၁၁-၉-၂၀၁၃)တွင် မန္တလေးဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ အယူခံလွှာ တင်ခဲ့သည်။ ထိုသို့တင်ပြခဲ့သော်လည်း မန္တလေးဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ (၁၆-၉-၂၀၁၃) တွင် အယူခံလွှာကို ပလပ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။

ထိုသို့ အဆင့်ဆင့်ပယ်ချခံရသောကြောင့် ကုမ္ပဏီသို့ အချက်(၃)ချက် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ ထို (၃)ချက်မှာ- မိရိုးဖလာအတိုင်း ပြန်လည်လုပ်ကိုင်ခွင့်ရရန်၊ ကုမ္ပဏီမှထုတ်ပြန်ထားသည့် တင်းကျပ်သည့်စည်းမျဉ်းစည်းကမ်းများ အား လုပ်သားများနှင့် ညှိနှိုင်းပြီး ပြန်လည်ရေးဆွဲရန်နှင့် ဤအချက်(၂)ချက်ကို ဆောင်ရွက်မပေးပါက ဒေသခံများအား ထိုက် သင့်သည့်နစ်နာကြေးနှင့် လုပ်ကွက်အသစ်တစ်ခု ကုမ္ပဏီမှ လျှောက်ထားပေးရန်တို့ဖြစ်သည်။ ထိုသို့ ဆောင်ရွက်မှုများ မပြုလုပ် ပေးပါက ဒေသခံများအနေဖြင့် ဥပေဒေအရ စည်းမျဉ်းစည်းကမ်းများအရ ဆက်လက်တောင်းဆိုမှုများ လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးထိမိုးမိတွင် လုပ်ကွက်ဇုံ(၁၃)ဇုံရှိကြောင်း သိရသည်။ ယခုအခါ ဇုံ(၁၂)ခုတွင် မှီခိုလုပ်ကိုင်နေကြသော ဈေးသူဈေး သားများနှင့် ဒေသခံလုပ်သားများမှာ စားဝတ်နေရေးများ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
“ဆက်တိုက်တောင်းဆိုသွားမယ်၊ ဒီကိစ္စကို လွှတ်တော်ထဲအထိရောက်အောင် ကြိုးစားမယ်၊ မိုးထိမိုးမိဒေသခံတွေရဲ့ အခက်အခဲဒုက္ခဖြစ်နေတာတွေကို အစွမ်းကုန် ကူညီပေးမယ်” ဟု တောင်သူလယ်သမားသမဂ္ဂပေါ်ပေါက်ရေးဆောင်ရွက်နေသူ ဦးအောင်မြင့်(ဘိုကလေး)မှ ပြောသည်။ လုပ်ကွက်ဇုံ(၈)မှ ကိုရဲထွန်းကလည်း “အခုလို ကတိမတည် ဖိနှိပ်မှုတွေကြောင့် ဆန္ဒ ဖော်ထုတ်နေရင်း ၅၀၅(ခ)၊ ပုဒ်မ(၁၈)တို့နဲ့ ဖမ်းဆီးခြင်းခံခဲ့ရတယ်။ ဆက်လက်ပြီးလည်းလုပ်ဆောင်သွားမယ်၊ မြန်မာပြည်သူ ပြည်သားတွေအနေနဲ့ ဒီကိစ္စကို ကိုယ့်အရေးဆိုပြီး လက်တွဲကူညီပါဝင်လာစေချင်တယ်” ဟု ပြောသည်။

“သူတို့လုပ်ပေးတဲ့ မိုင်းမြို့မှာလည်း ပြည်စုံမှုဘာမှမရှိဘူး၊ အဲဒီမှာလည်း လုပ်သားတွေ ဒုက္ခရောက်နေကြတယ်၊ စည်းကမ်းချက်တွေကလည်း တင်းကျပ်တယ်၊ လုပ်ငန်းဆက်လုပ်လို့ မရဘူး” ဟု ဇုံ(၁၀)မှ ကိုဝင်းအောင်က ပြောသည်။ မိုးထိ မိုးမိဒေသခံများသည် မိရိုးဖလာအတိုင်းသာ အဓိက ပြန်လည်လုပ်ဆောင်ချင်ကြောင်းနှင့် လုပ်ကွက်အသစ်များ ပြန်လည်ချထား ရေးတို့ကို သမ္မတကြီးသိရှိစေရန်အတွက် အသနားခံစာများကို သတင်းစာရှင်းလင်းပွဲပြုလုပ်သည့်နေ့မှာပင် တင်ပြလိုက်ကြောင်း သိရသည်။

မိုးထိမိုးမိတစ်နယ်လုံးတွင် ဧကပေါင်း ၆၁၀၅ဧက ရှိကြောင်း သိရသည်။ ထိုဧကများအား အမျိုးသားကြီးပွားတိုးတက် ရေးကုမ္ပဏီမှ အားလုံးနီးပါးလုပ်ကိုင်နေသောကြောင့် ဒေသခံများ အလုပ်လက်မဲ့များစွာဖြစ်နေကြောင်း၊ သိရသည်။

သတင်း- အောင်ကိုဦး။

by Myanmar News Now