Home » » မန္တလေးကျုံးအား ရေသန့်စင်ခြင်းလုပ်ငန်းကို အမေရိကန်ကုမ္ပဏီမှ ကမ်းလှမ်း

မန္တလေးကျုံးအား ရေသန့်စင်ခြင်းလုပ်ငန်းကို အမေရိကန်ကုမ္ပဏီမှ ကမ်းလှမ်း

Written By Unknown on Tuesday, September 17, 2013 | 7:01 AM

မန္တလေးမြို့လူထု သောက်သုံးရေအဖြစ် အသုံးပြုနေသော ကျုံးရေအား ခေတ်မီနည်းစံနစ်များဖြင့် သန့်စင်ခြင်း လုပ်ငန်း ကို အမေရိကန်နိုင်ငံမှ Nation First International Development Asia Pte Co.Ltd. မှ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ကမ်းလှမ်းထားကြောင်းသိရသည်။

ကျုံးရေကိုအသုံးပြုနေသည့် အိမ်ထောင်စု ၃၀၀၀ကျော်ရှိပြီး လက်ရှိတွင် ဆည်တော်ကြီးမှ ဆည်ရေများ ၀င်ရောက်လျှက်ရှိသောကြောင့် သောက်သုံးရန် မသင့်တော်ကြောင်း သိရသည်။ သုံးရေအဖြစ် သာ အများစု အသုံးပြုနေကြသည်။
“ကမ်းလှမ်းထားတာတော့ ဟုတ်တယ်။ အဖြေအတိအကျတော့ မသိရသေးဘူး။ ကုန်ကျမည့်စရိတ်တွေကိုလည်း မသိရ သေးဘူး။ လေ့လာရေးတွေ သုတေသနတွေလည်း ဘာမှ မလုပ်ရသေးပါဘူး၊ လက်ခံမခံကတော့ အထက်အရာရှိလာမှ သိရမှာ ပါ။ တိတိကျကျအဖြေတော့ လောလောဆယ် မပေးနိုင်သေးပါဘူး” ဟု ရေနှင့်သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူ ဒေါ်ချိုချိုမြင့်မှ ပြောသည်။

အဆင့်မြင့်နည်းပညာအသုံးပြု၍ သန့်စင်မှုများပြုလုပ်နိုင်ပါက သောက်သုံးရေအဖြစ်ပါ အသုံးပြုနိုင်ပြီး ကျုံးကြီး လည်း ပိုမိုလှပသာယာသွားနိုင်ကြောင်း မြို့ခံများက သုံးသပ်သည်။

ယခုအခါတွင် ထိုကျုံးအား စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူ၍ ရေမှော်များအား ရေမှော်ဆယ်စက်များအသုံးပြု၍ ရှင်းလင်းလျှက်ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံကုမ္ပဏီမှကမ်းလှမ်းမှုအား လက်ခံ-မခံကို လာမည့် အောက်တိုဘာလအတွင်း သတင်းထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။

သတင်း- ကိုကြီးသူရ(မန်း)

by Myanmar News Now