Home » » ယာဉ်တိုက်မှုဖြင့် ထွက်ပြေးတိမ်းရှောင်သူ ၁၇၀ တွင် ၉၃ ဦးသာ ဖမ်းမိဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရဆို

ယာဉ်တိုက်မှုဖြင့် ထွက်ပြေးတိမ်းရှောင်သူ ၁၇၀ တွင် ၉၃ ဦးသာ ဖမ်းမိဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရဆို

Written By Unknown on Tuesday, September 17, 2013 | 3:18 PM

ရန်ကုန်၊ စက်တင်ဘာ ၁၆

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိုက်မှု ၈၆၁ မှုရှိသည့်အနက် ထွက်ပြေး တိမ်းရှောင်နေသည့် ယာဉ်မောင်း ၁၇၀ တွင် ၉၃ ဦး သာဖမ်းဆီး ရမိထားကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

ယနေ့ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်မြို့တော်အတွင်း ယာဉ်တိုက်မှု ဖြစ်ပွားရာတွင် သေဆုံးသူ မည်မျှရှိ၍ ထွက်ပြေး တိမ်းရှောင်သွားသူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် မည်မျှ ရှိကြောင်းနှင့် ယာဉ်တိုက်မှု ကင်းမဲ့ဇုန် ဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းရာ ၎င်းကယင်းသို့ ဖြေကြားသွားခြင်း ဖြစ်သည်။

“ယာဉ်တိုက်မှုဖြစ်တဲ့ ယာဉ်မောင်းတွေက လိုင်စင်မိတ္တူနဲ့ အခြားကားပေါ် တက်မောင်းနေတာ တွေ့နေရပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြငွေက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ်တွင် ယာဉ်တိုက်မှုပေါင်း ၈၆၁ မှုရှိပြီး ၁၅၈ဦး သေဆုံးကာ ၁၄၆၈ ဦး ထိခိုက်ဒဏ်ရာ ရရှိသောကြောင့် ယာဉ်တိုက်မှု ကင်းမဲ့ဇုန်များ တိုးချဲ့သက်မှတ်ရန် လုပ်ဆောင်နေကြောင်း လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

ယာဉ်တိုက်မှုများကို လျော့နည်းစေရန် ယာဉ်မောင်းများကို ပညာပေးခြင်း၊ သက်ဆိုင်ရာ ယာဉ်ထိန်းများနှင့် ကြီးကြပ် ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်နေပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ကျောက်တံတားမြို့နယ်များကို ယာဉ်တိုက်မှု ကင်းမဲ့ဇုန် အဖြစ်သက်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly