Home » » အိမ်ထောင်စု နှစ်ရာကျော်ကို လျှပ်စစ်မီးရရန် အမျိုးသမီးခြောက်ဦး စွမ်းဆောင်မည်

အိမ်ထောင်စု နှစ်ရာကျော်ကို လျှပ်စစ်မီးရရန် အမျိုးသမီးခြောက်ဦး စွမ်းဆောင်မည်

Written By Unknown on Tuesday, September 17, 2013 | 3:31 PM

အိန္ဒိယနိုင်ငံရှိ Barefoot ကာလိပ်တွင် နေစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်သည့် ပညာရပ်ကို သင်ယူခဲ့သော အမျိုးသမီး ခြောက်ဦးသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အိမ်ထောင်စု ၂၃၀ ကို လျှပ်စစ်ရရှိရန် ပထမဆုံးအကြိမ်အဖြစ် စတင်ဆောင်ရွက်တော့မည် ဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (MDRI-CESD) ထံမှ သိရသည်။

အဆိုပါ အမျိုးသမီးများသည် အိန္ဒိယနိုင်ငံတွင် ခြောက်လကြာ ပညာသင်ယူပြီးနောက် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ပြီး တစ်လအတွင်း၌ လျှပ်စစ် ထုတ်လုပ်ရေး အတွက် အမေရိကန်ဘဏ်က လှူဒါန်းမည်ဖြစ်ကာ ကျေးရွာအတွက် လိုအပ်သည့် ပစ္စည်းများကို အိန္ဒိယနိုင်ငံက ပေးပို့ပေးမည် ဖြစ်ကြောင်း MDRI-CESD အဖွဲ့က ထုတ်ပြန်ထားသည်။

“သူတို့က စာတတ်စရာ မလိုဘူးလို့ ပြောတယ်ဆိုပေမယ့် စာမတတ်ရင် မဖြစ်ဘူး။ သူတို့က တပ်ဆင်တဲ့နည်း မသင်ခင် အရင်ဆုံး အခေါ်အဝေါ်တွေ သင်ပေးတယ်” ဟု ယင်းနေစွမ်းအင်သုံး လျှပ်စစ်ပညာကို သွားရောက် သင်ယူသူ ဒေါ်ကြင်ရီက မြန်မာ ငြိမ်းချမ်းရေးစင်တာ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ယင်းအမျိုးသမီး ခြောက်ဦးတွင် မူလတန်းအဆင့်နှင့် စာမတတ်သူများ ပါဝင်ပြီး ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် နေထိုင်သူများ ဖြစ်သည်။

၎င်းတို့သည် နေစွမ်းအင်သုံး လျှပ်စစ် ထုတ်လုပ်သည့် (Solar Energy) ပညာကို Barefoot ကောလိပ်တွင် ခြောက်လတာ သင်ယူခဲ့ခြင်း ဖြစ်ကြောင်း MDRI-CESD အဖွဲ့ထံမှ သိရသည်။

လာမည့်နှစ်များတွင် ကျေးလက်ဒေသရှိ အမျိုးသမီးများကို ယခုကဲ့သို့ ခေါ်ယူရန် သက်ဆိုင်ရာ အိန္ဒိယအစိုးရနှင့် ဆွေးနွေးမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် Barefoot ကောလိပ်ကဲ့သို့ တိုင်းပြည် အကျိုးပြု သင်တန်းများ ပေါ်ပေါက်လာရန် မျှော်လင့်ကြောင်း လပြည့်ဝန်း ကလေးသူငယ် စောင့်ရှောက်ရေး အဖွဲ့တွင် ပါဝင်လျက်ရှိသူ ယင်းအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ၎င်းအမြင်ကို ပြောကြားသည်။

“မြန်မာအမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို ချီးမြှင့်တဲ့အနေနဲ့ ဒီအမျိုးသမီး ခြောက်ဦးကို တစ်ဦးကို တစ်သိန်းနှုန်းနဲ့ ချီးမြှင့်ပါတယ်” ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦးက ဆိုသည်။

ထို အမျိုးသမီး ခြောက်ဦးမှာ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့က သက်လတ်ပိုင်း အရွယ်ရှိပြီး ၂၀၁၃ ခုနှစ် မတ်လ ၁၅ ရက်နေ့က သွားရောက် သင်ယူ သင်ကြားခဲ့သည်။ ထို့ပြင် Barefoot ကောလိပ်သည် စာပေပိုင်း ဆိုင်ရာတွင် အားနည်းသူများကို ရွေးချယ်ခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ သွားရောက် သင်ကြားနိုင်ရန် အိန္ဒိယအစိုးရက ပညာသင် ထောက်ပံ့ပေးခြင်း ဖြစ်သည်။

The Voice Weekly