Home » » စိုက်ဘဏ်စာအုပ်အသစ်ရရေးအတွက် ကန်ကြီးထောင့်မြို့နယ် ကျုံပဒုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးက လယ်သမားများထံ ငွေကောက်

စိုက်ဘဏ်စာအုပ်အသစ်ရရေးအတွက် ကန်ကြီးထောင့်မြို့နယ် ကျုံပဒုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးက လယ်သမားများထံ ငွေကောက်

Written By Unknown on Tuesday, September 17, 2013 | 3:06 PM

စက်တင်ဘာ ၁၇ (ကန်ကြီးထောင့်)

လယ်သမားတွေကို နိုင်ငံတော်ကထုတ်ချေးနေတဲ့ အစိုးရဘဏ်ချေးငွေစာအုပ်အသစ် ရဖို့အတွက် ကန်ကြီးထောင့်မြို့နယ် ကျုံပဒုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက လယ်သမားတဦးကို ငွေ (၁၅၀၀၀) ကျပ်နှုန်း ကောက်ခံခဲ့ကြောင်း သတင်းရရှိပါတယ်။

ကျုံပဒုတ်ကျေးရွာအုပ်စုမှာ ဘဏ်ချေးငွေစာအုပ်အသစ်ရဖို့လုပ်ဆောင်တဲ့ လယ်သမား ၃၄ ဦးရှိကြောင်း သိရပြီး ငွေမပေးနိုင်တဲ့လယ်သမားကို ဘဏ်စာအုပ်ရရှိရေး ဆောင်ရွက်ပေးခြင်းမရှိဘူးလို့ ဒေသခံလယ်သူမကြီး ဒေါ်သန်းလွယ်က Myanmar News Now ကို ပြောပါတယ်။

“ဘဏ်ာစာအုပ်အသစ်ရဖို့ကို ငွေပေးမှရပါတယ်။ ကျမမှာ လယ် ၂ ဧကရှိတော့ အဲဒီလယ်အတွက် အစိုးရကချေးတဲ့ ဘဏ်ချေးငွေရချင်လို့ အုပ်ချုပ်ရေးမှူးဆီမှာလျှောက်ထားပါတယ်။ ဒါပေမယ့် သူတောင်းတဲ့ငွေ ၁ သောင်းခွဲကို မပေးနိုင်တော့ စာအုပ်လုပ်မပေးပါဘူး။ ကျမတို့လယ်စိုက်ဖို့ အစိုးရကချေးတဲ့ငွေက အတိုးနည်းတော့ လိုချင်တာပေါ့။ အပြင်မှာချေးရတာ အတိုးနှုန်းအရမ်းကြီးမြင့်တော့ လယ်သမားအတွက် ဘာမှမကျန်ဘူးလေ”လို့ သူမက ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဟာ ဘဏ်စာအုပ်အသစ်လုပ်ဖို့ ငွေကောက်သလို အစိုးရဘဏ်ချေးငွေရဖို့ကိုလည်း လယ်သမားတဦးကို ငွေ ၂၀၀၀ ကျပ်စီ ကောက်ခံခဲ့ကြောင်း သိရပါတယ်။

ကျုံပဒုတ်ကျေးရွာအုပ်စုမှာ ဘဏ်ချေးငွေထုတ်တဲ့လယ်သမားပေါင်း ၂၄၉ ဦးရှိတဲ့အတွက် ဘဏ်စာအုပ်လုပ်ဖို့နဲ့ ဘဏ်ချေးငွေရဖို့ လယ်သမားတွေဆီက ကောက်ခံခဲ့တဲ့ငွေစုစုပေါင်း ၉ သိန်း ၄ သောင်းကျပ် ရှိကြောင်း လယ်သမားတွေက ပြောပါတယ်။

“ဘဏ်ချေးငွေရဖို့အတွက် စာအုပ်တွေလာထပ်ကြပါဆိုတာနဲ့ သွားထပ်တော့ ၂၀၀၀ ကျပ် ပေးရမယ်ပြောတယ်။ ဘာအတွက်လဲဆိုတော့ ကန်ကြီးထောင့်သွားဖို့ လမ်းစရိတ်တဲ့။ ကျနော်တို့ရွာနဲ့ ကန်ကြီးထောင့်ကို ဆိုင်ကယ်နဲ့မောင်းသွားလို့ ရတယ်။ အသွားအပြန်မှ အလွန်ဆုံး ဆီဖိုး ၂၀၀၀ လောက်ပဲ ကုန်မယ်။ ဒါက လုပ်ပိုင်ခွင့်အာဏာကို တလွဲအသုံးချပြီး ပြည်သူလူထုဆီက ငွေညှစ်တာပါ”လို့ ငွေပေးခဲ့ရတဲ့ ကျုံပဒုတ်ကျေးရွာက လယ်သမား ဦးအောင်မြင့်က Myanmar News Now ကို ပြောပါတယ်။

ကျုံပဒုတ်ရွာအုပ်စုမှာ လယ်စုစုပေါင်း ၃ ထောင်ကျော်ရှိတဲ့အနက် ၁၈၃၉ ဧကအတွက် ငွေကျပ် သိန်းပေါင်း ၁၈၃၉ သိန်း ဘဏ်ချေးငွေရရှိခဲ့ပါတယ်။

ဒါပေမယ့် အဲဒီငွေတွေအားလုံး လယ်သမားအစစ်အမှန်တွေမရဘဲ လယ်မရှိဘဲ ဘဏ်စာအုပ်ကိုင် ငွေထုတ်စားသူများကို အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက ငွေချေးပေးနေကြောင်း သိရပါတယ်။

“ကျနော်တို့ရွာက ဦးသန်းနိုင်ဆိုတာ မြေယာကော်မတီဝင်။ တအိမ်ထဲမှာ ဘဏ်စာအုပ် ၃ အုပ်လုပ်ထားတယ်။ စာအုပ် ၁ အုပ် ၁၀ သိန်းထုတ်တော့ ၃ အုပ်မှာ သိန်း ၃၀ ချေးငွေရတယ်။ လယ်ကတော့ ၁ ဧကမှ မရှိဘူး။ နောက်ပြီး ဦးမြလှိုင်ဆိုတာရှိတယ်။ သူက ရပ်မိရပ်ဖ။ လယ်မရှိဘူး။ ချေးငွေ ၇ သိန်းရတယ်။ တကယ် လယ်လုပ်နေတဲ့လယ်သမားကျတော့ ချေးငွေမရတာတွေရှိတယ်။ အခုပြောတာတွေ မှန်မမှန် တာဝန်ရှိသူတွေအနေနဲ့ ရွာကို ဆင်းစစ်နိုင်ပါတယ်”လို့ ဒေသခံ ဦးအောင်မြင့်က ပြောပါတယ်။

လယ်ရှိပြီး ချေးငွေ ၁ သိန်းပဲရတဲ့ ကျုံပဒုတ်ရွာကလယ်သမား ဦးပန်းထွန်းက “ကျနော့်မှာ လယ် ၁၂ ဧက ရှိတယ်။ အကုန်လုံးမြေခွန်ပြေစာဆောင်ထားတယ်။ ချေးငွေကျတော့ ၁ သိန်းပဲပေးတယ်။ ဘာလို့ ကျနော့်ကို ၁ သိန်းပဲပေးတာလဲဆိုပြီး အုပ်ချုပ်ရေးမှူးကိုမေးတော့ မင်းကိုငါတို့ ၁ သိန်းပဲပေးတာ ၁ သိန်းပဲရမှာပေါ့လို့ ပြောတယ်”လို့ သူက ပြောပါတယ်။

ကန်ကြီးထောင့်မြို့နယ်ဟာ ပုသိမ်ခရိုင်အတွင်းက မြို့နယ်တခုဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ဦးမြင့်စိန် ဖြစ်ပါတယ်။

by Myanmar News Now