Home » » လားရှိုးတွင် ရေကြီး၍ ကုန်သွယ်မှုရပ်ဆိုင်း

လားရှိုးတွင် ရေကြီး၍ ကုန်သွယ်မှုရပ်ဆိုင်း

Written By Unknown on Monday, September 9, 2013 | 11:46 AM

လားရှိုး၊ စက်တင်ဘာ ၈

ရှမ်းပြည်နယ် လားရှိုးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး အေတီချောင်း ရေတက်လာသဖြင့် ပြည်ထောင်စုလမ်းမကြီး လားရှိုး-မူဆယ်လမ်းပိုင်းတွင် ရေငါးပေခန့် ဝင်ရောက်နေ၍ ကုန်သွယ်မှုများ ရပ်ဆိုင်းထားရကြောင်း လားရှိုးမြို့ခံများက ပြောကြားသည်။

နှစ်ရက်ဆိုက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၇ ရက်နေ့မှ စတင်ကာ ရေကြီးလာခြင်းဖြစ်ပြီး ယင်းနေ့ညနေပိုင်းတွင် ရေငါးပေခန့် မြင့်တက်လာသဖြင့် ကုန်တင်ယာဉ်များနှင့် အခြားယာဉ်များပါ ဖြတ်သန်းခွင့် ပိတ်လိုက်ကြောင်း၊ ရေပြန်ကျခြင်း မရှိသေးသဖြင့် စက်တင်ဘာလ ၈ ရက်နေ့အထိ ကုန်သွယ်မှုများ ရပ်ဆိုင်းနေကြောင်း အဆိုပါဒေသခံများထံမှ သိရှိရသည်။

“ဒီနေ့တော့ (စက်တင်ဘာလ ၈ ရက်) လူတွေကို စက်လှေနှစ်စီးနဲ့ ပို့ပေးနေတယ်” ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အစီအစဉ်ဖြင့် လုပ်ဆောင်ပေးနေသည့် အခြေအနေကို ဒေသခံအမျိုးသားတစ်ဦးက ရှင်းပြသည်။

ပြည်ထောင်စုလမ်းမကြီး၏ အဆိုပါ လမ်းပိုင်းတွင် အလျားပေ ၅၀၀ ခန့် ရေကြီးနေပြီး ယင်းရေကြီးမှု ဂယက်ကြောင့် လားရှိုးမြို့နှင့် မိုင် ၂၀ ခန့် ဝေးကွာသည့် နည်းပညာတက္ကသိုလ်တွင် ယနေ့ (စက်တင်ဘာလ ၉ရက်) စတင် စစ်ဆေးမည့် စာမေးပွဲကို အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းသို့ နေရာပြောင်းရွှေ့ ကျင်းပမည် ဖြစ်ကြောင်း ကျောင်းသား များနှင့် ကျောင်းသားမိဘများ၏ ပြောဆိုချက်အရ သိရှိရသည်။

“ရေလည်း မကျသေးဘူး။ မိုးလည်း သည်းနေတုန်းပဲ” ဟု လားရှိုး ဒေသခံတစ်ဦးက စက်တင်ဘာလ ၈ ရက်နေ့ ည ၉ နာရီတွင် ပြောဆိုသည်။

လားရှိုးမြို့တွင် ယခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်ထောင်စု လမ်းမကြီးရှိ အဆိုပါလမ်းပိုင်းတွင် ရေကြီးခဲ့ပြီး ကုန်သွယ်မှု နာရီပိုင်းခန့် ရပ်တန့်ခဲ့ရသည်။

(LC၊ နေမျိုးနွယ်)

The Voice Weekly