Home » » မြန်မာအလှမယ်ခင်ဝင့်ဝါ ပြန်လည်ရောက်ရှိ

မြန်မာအလှမယ်ခင်ဝင့်ဝါ ပြန်လည်ရောက်ရှိ

Written By Unknown on Monday, September 9, 2013 | 11:43 AM

ရန်ကုန်၊ စက်တင်ဘာ ၈

မြန်မာနိုင်ငံက ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်သည့် Miss Supra-national 2013 ပြိုင်ပွဲတွင် ဆုလေးဆု ရရှိခဲ့သော မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါသည် စက်တင်ဘာလ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာသည်။

Miss Universe နှင့် Miss World ပြိုင်ပွဲတို့ပြီးလျှင် ကမ္ဘာ့တတိယ အကြီးဆုံး Miss ပြိုင်ပွဲဖြစ်သော Miss Supra-national 2013 ပြိုင်ပွဲကြီးတွင် မြန်မာအလှမယ် ခင်ဝင့်ဝါသည် အင်တာနက် မဲအရေအတွက် ၃၆၀၀ ဖြင့် Miss Internet ဆုကို ရရှိခဲ့ပြီး missosology ဝက်ဘ်ဆိုက်မှပေးသော People Choice Award နှင့် Face of Miss Supranational 2013 ဆု၊ ဘီလာရုစ် ဝက်ဘ်ဆိုက်မှ ချီးမြှင့်သော Most beautiful girl in the world ဆုများကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

Miss Supranational 2013 ပြိုင်ပွဲတွင် Miss Supranational 2013 ဆုကို Miss Philippines Mutya Johanna Datul က ရရှိခဲ့သည်။

မြန်မာအလှမယ် ခင်ဝင့်ဝါသည် ရိုးရာဝတ်စုံအနေနှင့် ပျူခေတ် အဝတ်အစားဖြင့် ပထမဆုံး ယှဉ်ပြိုင်ခဲ့ပြီး ၎င်းနောက်တွင် ရေကူးဝတ်စုံ၊ ညနေခင်းဝတ်စုံတို့ဖြင့် အဆင့်ဆင့် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကာ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့သည့် နှစ်တွင်ပင် မြန်မာအလှမယ် ခင်ဝင့်ဝါသည် နောက်ဆုံး ဆန်ခါတင် ၂၀ ဦးအဆင့်အထိ ရောက်ရှိခဲ့သည်။

“ညီမ ဆန်ခါတင်အယောက် ၂၀ စာရင်းမှာ ပါဝင်နိုင်ခဲ့ပြီးတော့ Miss Internet ဆုရတဲ့အတွက် ဝမ်းသာပျော်ရွှင် ဂုဏ်ယူမိပါတယ်။ ဒီဆုတွေက ပရိသတ်ပေးတဲ့ဆုပါ။ ညီမအနေနဲ့ ရရှိမယ့်ဆုငွေတွေ အားလုံးကို ပရဟိတ အလှူဒါန ပြုသွားမှာပါ။ မြန်မာပြည်ကို ပြန်ရောက်တဲ့အခါမှာ မိသားစုလို ချစ်ခင်ပြီး အကောင်းဆုံးပံ့ပိုးပေးခဲ့တဲ့ Miss Supranational Myanmar Organization နဲ့ လက်တွဲပြီး အနုပညာအလုပ်တွေ ဆက်လုပ်သွားမှာပါ။ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် မြန်မာ တစ်မျိုးသားလုံးအတွက် အကျိုးပြုသွားပါမယ်” ဟု အလှမယ်ခင်ဝင့်ဝါက ၎င်း၏ facebook တွင် တရားဝင် ပြောကြားသည်။

Miss Supranational 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ဆုလေးဆုကို ပွေ့ပိုက်၍ မိမိတို့နိုင်ငံအတွက် ဂုဏ်ပြုခွင့်ရပြီး ပြန်လာမည့် ခင်ဝင့်ဝါအတွက်များစွာ ဝမ်းမြောက်မိကြောင်း Miss Supranational Myanmar Organization မှ ဦးဝေယံအောင်က ပြောကြားသည်။

“ညီမလေး ခင်ဝင့်ဝါဟာ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းမှ မြန်မာညီအစ်ကို မောင်နှမများရဲ့ စည်းလုံးညီညွတ်စွာ အားပေးမှုကြောင့် Miss Internet ဆုကို ဆွတ်ခူးခဲ့ပါပြီ။ အဲ့ဒါအပြင် အခြား ဆုသုံးဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး မြန်မာ့ဂုဏ် ကိုလည်း ဆောင်နိုင်ခဲ့ပါပြီ။ မြန်မာတွေရဲ့ စည်းလုံး ညီညွတ်မှုတွေကို ပြသနိုင်ခဲ့ပြီး ဆုတွေကို ရယူနိုင်ခဲ့တဲ့အတွက် ညီမလေးခင်ဝင့်ဝါနှင့်တကွ မြန်မနိုင်ငံမှ အားပေးခဲ့ကြတဲ့ ပရိသတ်ကြီးနှင့်အတူ ထပ်တူဝမ်းမြောက် ဂုဏ်ယူမိပါတယ်” ဟု ၂၀၁၂ ခုနှစ်က ဂျပန်နိုင်ငံ၌ ပြုလုပ်သည့် Miss International ပြိုင်ပွဲတွင် Miss Internet ဆုကိုရခဲ့သူ နန်းခင်ဇေယျာက ပြောကြားသည်။

The Voice Weekly