Home » » လွှတ်တော် ကိုယ်စားလှယ်များကို သင်တန်းပေးရန် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ကို ကမ်းလှမ်း

လွှတ်တော် ကိုယ်စားလှယ်များကို သင်တန်းပေးရန် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ကို ကမ်းလှမ်း

Written By Unknown on Monday, August 19, 2013 | 12:35 PM

ရန်ကုန်၊ သြဂုတ် ၁၈

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင်ရှိသော နိုင်ငံရေးပါတီ အားလုံးရှိ လွှတ်တော် ကိုယ်စားလှယ်များကို သင်တန်းများ၊ အထောက်အပံ့များ ပေးရန် ဗြိတိန် အစိုးရထံ ကမ်းလှမ်းလိုက်ကြောင်း ဗြိတိန်နိုင်ငံ ဂေါ်ဒန် မဲဆန္ဒနယ် လွှတ်တော်အမတ် Sir Malcolm bruce က သြဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

Sir Malcolm bruce သည် ပြီးခဲ့သည့် ဇူလိုင်လကုန် အတွင်းက ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Mr. John Bercow နှင့် အတူ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး၊ အဆိုပါ ခရီးစဉ်အတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ကမ်းလှမ်း လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန် ကြေညာချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သည့် လွှတ်တော် ပိုမို အားကောင်း လာစေရန် စိတ်အားထက်သန်လျက် ရှိပြီး ဗြိတိန်ကဲ့သို့သော ဒီမိုကရေစီနိုင်ငံမှ မြန်မာလွှတ်တော် ကိုယ်စားလှယ်များ အတွက် အကြံဉာဏ်ကောင်းများ၊ အထောက်အပံ့များနှင့် စွမ်းရည် မြှင့်တင်ရေး သင်တန်းများကို ပို့ချပေးရန် တောင်းဆိုလိုက်ကြောင်း ၎င်းက ရှင်းပြထားသည်။

အဆိုပါ တောင်းဆိုချက်များအရ ဗြိတိန် လွှတ်တော်သည်လည်း အကူအညီ ပေးနိုင်မည့် နည်းလမ်းများကို သုံးသပ်လျက် ရှိကြောင်း ၎င်း၏ ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။

Sir Malcolm Bruce သည် ပြီးခဲ့သည် ဇူလိုင်လကုန်ပိုင်းက ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Mr. John Bercow အပါအဝင် အောက်လွှတ်တော် အမတ် နှစ်ဦးနှင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံး အကြိမ် ရောက်ရှိခဲ့သည်။

ယခင် နှစ်လယ်ပိုင်းက ဗြိတိန်နိုင်ငံ အောက်လွှတ်တော်သို့ လာရောက် လည်ပတ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ သို့ လာရောက်ခြင်း ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့အပြင် လွှတ်တော်အမတ် အချို့နှင့် လည်း တွေ့ဆုံခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပထမဦးဆုံး ဥရောပ ခရီးစဉ်အတွင်း ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Jose Manuel၊ ဥရောပ ကောင်စီ ဥက္ကဋ္ဌ Van Pompuy တို့ တွေ့ဆုံရာတွင် မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လမ်းစဉ်တွင် အဓိကကျသည့် မြန်မာ့ လွှတ်တော်ကို အဆင့် မြှင့်တင်ရန် ဥရောပသမဂ္ဂ ပါလီမန်က အထောက်အပံ့များ ပေးအပ်သွားမည်ဟု ကတိပေး ပြောကြား ထားသည်။

အဆိုပါ ပြောကြားချက်များအတိုင်း ပထမဦးဆုံး အကြိမ်အဖြစ် ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံမှ လွှတ်တော် ကိုယ်စားလှယ် အချို့ကို ဥရောပ သမဂ္ဂ ပါလီမန်တွင် လေ့လာရေး ပြုလုပ်ရန် စီစဉ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပ သမဂ္ဂရုံးမှ သိရသည်။

ဗြိတိန်နိုင်ငံသို့ ပထမဦးဆုံး ရောက်ရှိခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအတွက် ယူရို သန်း ၃၀ ထောက်ပံ့မည် ဖြစ်ကြောင်း ဗြိတိန် အစိုးရက ဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ဗြိတိန် အစိုးရသည် ယခု နှစ်ကုန်ပိုင်းနှင့် ၂၀၁၄ ခုနှစ် အစောပိုင်း အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပထမဦးဆုံး ဗြိတိန် ခရီးစဉ်အတွင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီး Phillip Hammond နှင့် တွေ့ဆုံရာတွင် သဘော တူညီခဲ့ကြသည့်အတိုင်း မြန်မာ့ တပ်မတော်အတွက် လူ့အခွင့်အရေး လေးစား လိုက်နာမှုဆိုင်ရာ သင်တန်းကို ပေးအပ်သွားမည် ဟုလည်း ဗြိတိန် သံရုံးမှ စုံစမ်း သိရှိရသည်။

The Voice Weekly