Home » » ရူဘီမတ် ဈေးဝယ်စင်တာအနီး အုပ်စုဖွဲ့ ရိုက်နှက်မှု ဖြစ်ပွား

ရူဘီမတ် ဈေးဝယ်စင်တာအနီး အုပ်စုဖွဲ့ ရိုက်နှက်မှု ဖြစ်ပွား

Written By Unknown on Monday, August 19, 2013 | 11:42 AM

ရန်ကုန်၊ သြဂုတ် ၁၈

ရန်ကုန်မြို့တော် ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနှင့် ၃၇ လမ်းထောင့်ရှိ ရူဘီမတ် ရှော့ပင်းစင်တာ အနီးရှိ (ပန်းဆိုးတန်း ကားမှတ်တိုင်) ထမင်းဆိုင်တွင် သြဂုတ် ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်က အဆိုပါဆိုင်ရှင်နှင့် အနီးတွင် ဖွင့်လှစ်ထားသော ဈေးရောင်းချသူများကို လူ ၁၀ ဦးကျော်က အုပ်စုဖွဲ့ ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းနှင့် မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။

အဆိုပါနေ့မတိုင်မီ နှစ်ရက် ( သြဂုတ် လ ၁၆ ရက်) နေ့က နေ့လယ်ပိုင်းတွင် ပြည့်တန်ဆာ လုပ်ကိုင်သူတစ်စုက လမ်းဘေးဈေးဆိုင်များရှေ့တွင် မြှူဆွယ်နေသဖြင့် ဆိုင်ရှင်များက ဆိုင်ရှေ့တွင် မရပ်ရန် ပြောဆိုရာမှ စကားများခဲ့ပြီးနောက် သြဂုတ် ၁၈ ရက်နေ့တွင် အမျိုးသမီးများပါ ပါဝင်သော လူ ၁၀ ဦးခန့်က တုတ်၊ သံတုတ်များဖြင့် ဝင်ရောက် ရိုက်နှက်ခဲ့ရာ ထမင်းဆိုင်ဖွင့်လှစ်သူ၊ ဝင်ရောက်ဖျန်ဖြေသူ၊ ထမင်းဆိုင်အနီးတွင် ဈေးဆိုင်ဖွင့်လှစ် ရောင်းချသူ အပါအဝင် လူငါးဦးခန့် ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးနှစ်ဦးသည် သတိလစ်ကာ ရန်ကုန်ဆေးရုံကြီးတွင် တင်ပို့ကုသထားရကြောင်း မျက်မြင်တွေ့ရှိသူ အသက် ၂၀ ကျော် အမျိုးသားတစ်ဦးက ဆိုသည်။

“ထမင်းဆိုင်ထဲက အစ်မကြီးနှစ်ယောက် လဲသွားတာ လုံးဝမထနိုင်တော့ဘူး။ အုပ်စုလိုက် ဝိုင်းရိုက်တာ။ မိန်းမတွေက ဆံပင်ကို ဆွဲထားပေးတယ်။ ယောက်ျားတွေက တုတ်တွေနဲ့ ရိုက်တယ်။ တီဗီထဲမှာ ၁၉၉ က အမှုဖြစ်ရင် ချက်ချင်းရောက်လာတယ်။ အပြင်က ၁၉၉ က အမှုဖြစ်ရင် ဒီမှာ သေသာသွားမယ် ဘယ်တော့မှ ရောက်မလာဘူး” ဟု အခင်းဖြစ်ပွားရာ နေရာအနီးတွင် ဈေးရောင်းသူ အမျိုးသားတစ်ဦးက ပြောသည်။

The Voice Weekly