Home » » နည်းပညာတက္ကသိုလ်တိုင်း စာသင်နှစ်တစ်နှစ်စီ တိုးမြှင့်မည်

နည်းပညာတက္ကသိုလ်တိုင်း စာသင်နှစ်တစ်နှစ်စီ တိုးမြှင့်မည်

Written By Unknown on Tuesday, August 27, 2013 | 7:13 PM

ရန်ကုန်၊ သြဂုတ် ၂၆

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နည်းပညာ တက္ကသိုလ်တိုင်းတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်ကာ စာသင်နှစ်တစ်နှစ် ထပ်မံတိုးမြှင့်မည်ဖြစ်ပြီး စုစုပေါင်း စာသင်နှစ်ခြောက်နှစ် ရှိသွားကြောင်း ယင်းတက္ကသိုလ် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ယင်းသို့ စာသင်နှစ် တိုးမြှင့်ခြင်းနှင့်အတူ အေဂျီတီအိုင် ဒီပလိုမာစနစ်ကိုလည်း ဖျက်သိမ်းမည် ဖြစ်ကြောင်း၊ တပ်မတော်နည်းပညာတက္ကသိုလ် အပါအဝင် အခြားနည်းပညာ တက္ကသိုလ်များသည် ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ် (Center of Excellence) တို့၏ ပညာသင်နှစ်နှင့် တူညီသွားပြီ ဖြစ်ကြောင်း အဆိုပါ အသိုင်းအဝိုင်းက ထပ်မံပြောကြားသည်။

လက်ရှိပြောင်းလဲထားသော စာသင်နှစ်တွင် B.Tech သင်တန်းပြီးဆုံးသည် အထိ လေးနှစ်တက်ရောက်ရပြီး အင်ဂျင်နီယာဘွဲ့ ရရှိသည်အထိဆိုပါက ၂ နှစ် ထပ်မံတက်ရောက် ရသည့်အတွက် စာသင်နှစ်စုစုပေါင်း ခြောက်နှစ် သင်ကြားရမည် ဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်မှ နည်းပြဆရာတစ်ဦးက The Voice သို့ ရှင်းပြသည်။

နည်းပညာတက္ကသိုလ်နှင့် အစိုးရ နည်းပညာကောလိပ် ဝင်ခွင့်အတွက် ယခုပညာသင်နှစ်တွင် ရမှတ် ၃၈၀ နှင့်အထက် ရှိသူများကိုသာ လက်ခံသွားမည်ဖြစ်ပြီး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၁၁,၆၅၀ ဦး လက်ခံမည် ဖြစ်ကြောင်း၊ ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ် ဝင်ခွင့်များအတွက် ရမှတ် ၄၈၀ နှင့်အထက် ရရှိရန်လိုအပ်ပြီး တက္ကသိုလ်နှစ်ခုပေါင်း ကျောင်းသားဦးရေ ၆၀၀ လက်ခံမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်တွင် Center of Excellence နည်းပညာတက္ကသိုလ် နှစ်ကျောင်း၊ စက်မှုလက်မှုသိပ္ပံကျောင်း ၁၀ ကျောင်း၊ နည်းပညာ တက္ကသိုလ်ပေါင်း ၃၀ နှင့် နည်းပညာ ကောလိပ် လေးကျောင်းတို့ ရှိသည်။

The Voice Weekly