ရန်ကုန်၊ သြဂုတ် ၂၆
မြန်မာလူမျိုးများ နေ့စဉ်နှစ်ခြိုက်စွာ စားသုံးနေသော ရေကျိုငါးပိများတွင် ယူရီးယား ဓာတ်မြေသြဇာ ထည့်သွင်းထားကြောင်း သိရှိရသည့် အတွက် ဈေးကွက်အတွင်းရှိ ငါးပိများကို စားသုံးသူ ကာကွယ်ရေးအသင်းက ယခုသီတင်းပတ်အတွင်း ပြည်တွင်းရှိ ဓာတ်ခွဲခန်းများတွင် စစ်ဆေးမည် ဖြစ်ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ငါးပိ၊ ငါးခြောက်ပွဲရုံများတွင် သြဂုတ်လ ၂၇ ရက်နေ့နှင့် ၂၈ နေ့တို့၌ စစ်ဆေးမည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေကျိုငါးပိများကိုမူ ရန်ကုန်ဈေးကွက်မှတစ်ဆင့် ဝယ်ယူကာ စစ်ဆေးမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။
ယူရီးယား ဓာတ်မြေသြဇာကို ငါးများ အဆွေးမြန်စေရန် အသုံးပြုကြပြီး ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ငါးပိလုပ်ငန်းရှင်များထံမှ အဆိုပါ အကြောင်းအရာများကို တစ်ဆင့်သိရှိရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ငါးမှငါးပိဖြစ်ချိန်နှင့် ဈေးကွက်ထဲသို့ ရောက်ရှိချိန်သည် အချိန်အားဖြင့် ခြောက်လမှတစ်နှစ်အထိ ကြာမြင့်တတ်ပြီး ရေနွေးနှင့် ငါးအရိုးကျစေသော ဓာတ်မြေသြဇာကို အသုံးပြုပါက တစ်ပတ်အတွင်း ငါးအရိုးဆွေး၍ ဈေးကွက်သို့ တင်ပို့နိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းအနီးနားရွာတွင် နေထိုင်သူ ဒေါ်ရင်ဌေးက မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းကို အကြောင်းကြားထားကြောင်း အဆိုပါအသင်း၏ အတွင်းရေးမှူး ဒေါ်စိုးကလျာထိုက်က The Voice သို့ ပြောကြားသည်။
“ဘယ်သူကများ ငါးပိမှာ ဓာတ်မြေသြဇာသုံးရင် အရိုးဆွေးလွယ်တယ် ပြောသွားလဲမသိဘူး၊ ဒါတွေ အလွယ်လိုက်ပြီး တစ်ဆင့်တစ်ဆင့်နဲ့ ပွားလာတာနေမှာ” ဟု ယင်းအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဆိုသည်။
လက်တွေ့ ရေကျိုငါးပိများတွင် ဓာတ်မြေသြဇာပါ၊ မပါခွဲခြားရာ၌ သာမန်အမြင်နှင့် ခွဲခြားရန် ခက်ခဲကြောင်း၊ အရောင်အဆင်း၊ အနံ့အရသာနှင့်လည်း ခွဲခြားမရကြောင်း ရွှေငါးသုံးကောင် ငါးပိ၊ ငါးခြောက် ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးတင်အောင်က The Voice သို့ ရှင်းလင်းပြောကြားသည်။
“မျက်မြင်ကတော့မရဘူး၊ ဓာတ်ခွဲမှ ပဲရမယ်” ဟု ၎င်းကဆိုသည်။
လူတန်းစားမရွေး နေ့စဉ်စားသုံးသော ငါးပိတွင် ယူရီးယားဓာတ်မြေသြဇာ ပါဝင်သည်ဟု သတင်းထွက်ပေါ်ပြီး နောက်ပိုင်း ရေကျိုငါးပိဈေးကွက်တွင် ဝယ်လိုအား ကျဆင်းခဲ့ကြောင်း ငါးပိ၊ ငါးခြောက် ရောင်းဝယ်ရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းအတွင်းမှ စုံစမ်းသိရှိရသည်။
(ရလေး)
The Voice Weekly