တောင်ငူ ဩဂုတ် ၁၄
ကရင်ပြည်နယ် မြ၀တီမြို့မှ တောင်ငူမြို့သို့ ထွက်ခွာလာသော မစ်ဆူဘစ်ရှီဖူဆို အမျိုးအစား ယာဉ် အမှတ် ၄င/... ရွှေနတ်တောင် မှန်လုံအမြန်ယာဉ်သည် ဩဂုတ် ၁၄ ရက် နံနက် ၇ နာရီ ၄၅ မိနစ်က ရန်ကုန်-မန္တလေး ပုံမှန်လမ်း မိုင်တိုင် အမှတ် (၁၆၂/၆) ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် အင်တိုင်းကျေးရွာ တံတားရောက်တွင် အရှိန်လွန် တိမ်း မှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်နောက်လိုက်အကူ မျိုးမင်းဇော် (၃၀)နှစ် ကားပိ၍သေဆုံးခဲ့ပြီး မော်တော် ယာဉ် ပေါ်တွင် လိုက်ပါ စီးနင်းလာသူ ခရီးသည် ၁၀ ဦးအနက် အမျိုးသားတစ်ဦး၊ အမျိုးသမီးသုံးဦးတို့ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး အုတ်တွင်း မြို့နယ်ဆေးရုံသို့ မြို့နယ် အုပ်ချုပ်ရေးမှူးကားဖြင့် ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
“ကားက အရှိန်တအားများပြီး မောင်းလာတော့ တံတားခုံးအဆင်း ရောက်တော့ မြောက်တက်သွားပြီး လမ်းအရှေ့ဘက် ကျောက်ပုံကို တိုက်မိကာဆွဲချလိုက်တာတော့ အနောက်ဘက်သစ်ပင်ကိုတိုက်မိပြီး မှောက် သွားတာ ခြေထောက်နှစ် ချောင်းလုံး ခုံနဲ့ညပ်နေတဲ့ အမျိုး သမီးလူနာကိုလည်း တူးရွင်းတွေနဲ့ ကော်ပြီး ဆွဲထုတ်ပေးခဲ့တာ”ဟု အဆိုပါ ယာဉ်တိမ်းမှောက်မှုကို မျက်မြင်ကြုံတွေ့ ကူညီပေး ခဲ့သူ အင်တိုင်းကျေးရွာသား တစ်ဦး က ပြောကြားသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းမဟုတ်ဘဲ ယာဉ်မဆင်မခြင် မောင်းနှင်သူ မင်းသိန်းကျော် (၂၂)နှစ် ဖြူးမြို့ တာကြားရပ်နေသူအား အုတ်တွင်းမြို့နယ် ရဲစခန်းမှ (ပ)၁၁/ ၂၀၁၃၊ ပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေး ယူထားပြီး ယာဉ် မောင်း မှာထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရ သည်။
ကျော်စွာ (တောင်ငူ)
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း