Home » » ပညာရေးဝန်ကြီးဌာနက လွှတ်တော်ကိုပေးသည့် ကတိကြွေး အများဆုံးကျန်

ပညာရေးဝန်ကြီးဌာနက လွှတ်တော်ကိုပေးသည့် ကတိကြွေး အများဆုံးကျန်

Written By Unknown on Thursday, August 15, 2013 | 9:16 AM

အစိုးရ၀န်ကြီးဌာနများက ၎င်းတို့ လုပ်ဆောင်ပေးမည့် ကိစ္စများနှင့်ပတ်သက်၍ လွှတ်တော်၌ ကတိက၀တ်ပြုကြရာ ယင်းကတိများအတိုင်းလုပ်ရန် ပညာရေးဝန်ကြီးဌာနက အများဆုံးကျန်ရှိနေကြောင်း အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စောင့်ကြည့်သည့် လွှတ်တော်မှ ကော်မတီ၏ အစီရင်ခံစာတွင် ပါရှိသည်။

ကတိပေးပြီး မလုပ်ရသေးသည့် အစိုးရ၀န်ကြီးဌာနအားလုံး တာဝန်ခံချက်များ စုစုပေါင်းလျှင် တစ်ထောင်ကျော်ပင် ရှိနေကြောင်း သြဂုတ် ၁၄ ရက် တင်သွင်းသည့် ထိုအစီရင်ခံစာတွင် ပါရှိသည်။ ထိုတာဝန်ခံချက် တစ်ထောင်ကျော် အနက် အရည်အသွေးဆိုင်ရာ မေးခွန်းထုတ်ဖွယ်ရှိနေသဖြင့် ပြုပြင် ပြောင်းလဲရ မည်ဟု ဝေဖန်ခံနေရသော ပညာရေးဝန်ကြီးဌာနက လုပ်ရန်ကျန်ရှိနေသည့် ကတိက၀တ်မှာ ၂၂၀ ခန့် ရှိ သည်ကိုလည်း တွေ့ရသည်။

ထို ကတိပေးပြီး မလုပ်ရသေးသည့် လုပ်ငန်းများမှာ လွှတ်တော်အစည်းအဝေးတွင် အမတ်များက ၎င်းတို့ ဒေသရှိ လိုအပ်ချက်များကို တင်ပြကြသည့်အခါ သက်ဆိုင်ရာဝန်ကြီး သို့မဟုတ် ဒုဝန်ကြီး တစ်ဦးဦးက လုပ်ဆောင်ပေးမည်ဟု အာမခံကတိပေးထားသော ကိစ္စများဖြစ်ကြသည်။

အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအနေဖြင့် ပြည်ထောင်စုအစိုးရက ဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့သည့်လုပ်ငန်းများကို သတ်မှတ်သည့်ကာလအတွင်း ဆောင်ရွက်ပြီးစီးခြင်း ရှိ/မရှိ စစ်ဆေးရသည့်အတွက် ယခုကဲ့သို့ အစီရင်ခံစာ ထွက်ရှိလာခြင်းဖြစ်သည်။

လွှတ်တော်သက်တမ်း နှစ်နှစ်ခွဲကာလအတွင်း ၀န်ကြီး၊ ဒုဝန်ကြီးများက ပေးခဲ့သည့် ကတိများနှင့် ပတ်သက်၍ ကော်မတီက ယခုလို အစီရင်ခံခြင်းလည်း ဖြစ်သည်။

ကတိက၀တ်များကို လုပ်ဆောင်ရန် အများဆုံးကျန်ရှိနေသေးသည့် ပညာရေးဝန်ကြီးဌာနက မည်ကဲ့သို့သော လုပ်ငန်းများ လုပ်ဆောင်ပေးမည်ဟု အမတ်များကို တာဝန်ခံထားသည်ကိုမူ ကော်မတီက လွှတ်တော်တွင် အသေးစိတ် အစီရင်မခံခဲ့ပေ။

လုပ်ငန်းလက်ကျန် အများဆုံးဖြစ်နေသည့် ပညာရေးဝန်ကြီးဌာနအတွက် လွှတ်တော်က ယခုဘဏ္ဍာနှစ်တွင် ငွေကျပ်သန်းပေါင်း ရှစ်သိန်းနီးပါး အသုံးစရိတ် ချထားပေးခဲ့သည်။

လွှတ်တော်တွင် ကတိပေးပြီး တကယ်လုပ်ရန် လုပ်ငန်းကြွေး ဒုတိယအများဆုံး ကျန်နေသည်မှာ အဆင့်အတန်း နိမ့်ကျနေသည့် မြန်မာ့ကျန်းမာရေးအတွက် အခရာကျသော ကျန်းမာရေးဝန်ကြီးဌာန ဖြစ်သည်။

ထိုဝန်ကြီးဌာနသည် လွှတ်တော်ကို ကတိပေးထားပြီး လုပ်ရန်ကျန်နေသည့် လုပ်ငန်းစုစုပေါင်း ၁၇၀ ခန့် ရှိနေသည် ကို ကော်မတီ၏ အစီရင်ခံစာတွင် တွေ့ရသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ယခုဘဏ္ဍာနှစ်အတွက် အသုံးစရိတ် ကျပ်သန်းပေါင်း ငါးသိန်းနီးပါး ရရှိထားသည်။

ယခုကဲ့သို့ အစိုးရ၏ ၀န်ကြီးဌာနများက ပေးထားသည့် ကတိများကို ဖော်ဆောင်ရန် လုပ်ငန်းကြွေးများ ကျန်ရှိနေခြင်းနှင့် ပတ်သက်၍ ကတိက၀တ်စောင့်ကြည့်ရေး ကော်မတီ၏အဖွဲ့ဝင် ဒေါ်ခင်စောဝေက “အန်တီကတော့ ဘတ်ဂျက်ကြောင့်လို့ ထင်တယ်။ လွှတ်တော်ကလည်း ၀န်ကြီးဌာနတွေရဲ့ ဘတ်ဂျက်ကို ပြန်ပြီး ဖြတ်တာတောက်တာ ရှိတော့ အဲ့ဒါကြောင့်နေမှာပါ” ဟု မဇ္ဈိမကို ပြောသည်။

အခြားတစ်ဖက်တွင်မူ ထိုကော်မတီ၏ အဖွဲ့ဝင်ပင်ဖြစ်သည့် ဒီပဲယင်းအမတ် ဦးသန်းထွန်းက “အချို့လုပ်ငန်း လက်ကျန်တွေဟာ ဘဏ္ဍာငွေ အခက်အခဲကြောင့်မဟုတ်ဘဲ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများရဲ့ တာဝန် မကျေပွန်မှု၊ ပေါ့လျော့မှု၊ ပေးထားတဲ့ကတိကို အလေးအနက်မထားမှုတို့ကြောင့် ဖြစ်တယ်ဆိုတာ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ပြောပြချက်အရ သိရပါတယ်” ဟု အစီရင်ခံစာကို တင်သွင်းသည့်နေ့က လွှတ်တော်တွင် အတိအလင်း ပြောကြားခဲ့သည်။

မင်းမင်း
Mizzima - News in Burmese