Home » » လက်ပံတောင်းတောင်အရေး လှုပ်ရှားတက်ကြွသူ ဒေါ်နော်အုန်းလှအား ၅၀၅(ခ)ပုဒ်မဖြင့် အရေးယူ

လက်ပံတောင်းတောင်အရေး လှုပ်ရှားတက်ကြွသူ ဒေါ်နော်အုန်းလှအား ၅၀၅(ခ)ပုဒ်မဖြင့် အရေးယူ

Written By Unknown on Thursday, August 15, 2013 | 5:52 AM

မုံရွာ၊ သြဂုတ် ၁၄ ရက်နေ့

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းပေးရေးအတွက် ဒေသခံ ရွာသားများနှင့် ထပ်တူထပ်မျှ စဉ်ဆက်မပြတ် တောင်းဆိုလျက်ရှိသော အသက်(၅၀)နှစ်အရွယ်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဂုတ်ချောင်း ကျေးရွာအုပ်စု၊ ဂမူကျေးရွာနေ ဒေါ်နော်အုန်းလှ ဆိုသူအပေါ် နိုင်ငံတော် အကြည်အညိုပျက်စေရန်နှင့် ဒေသတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်သည်ဟု မုံရွာမြို့ရှိ ဒေသဆိုင်ရာ အာဏာပိုင်များမှဆိုကာ ယခုလ ၁၃ ရက်နေ့ည ၊ ညဦးပိုင်းအချိန်ခန့်က ပုဒ်မ ၅၀၅ (ခ) အရ အမှုအရေးယူလိုက်ပြီဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးရှိ မှတ်တမ်းများ၌ ဖော်ပြထားကြောင်း သိရသည်။

ထိုမှတ်တမ်းများထဲ၌ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးကို အကြောင်းပြလျက် ဒေသတွင်းတည်ငြိမ် အေးချမ်းမှုအားပျက်ပြားစေရန် နှင့် နိုင်ငံတော်အပေါ် အကြည်အညိုပျက်စေရန် ဥပဒေမဲ့ လူစုလူဝေးပြုလုပ်ခြင်း၊ စီးတန်း လှည့်လည်ခြင်း ပြုလုပ်ခဲ့သူအပေါ် အရေးယူပေးပါရန်ဟုဆိုကာ မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညွှန့်စိုးမှ တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်၍ ဖော်ပြထားသည်။

“ နိုင်ငံသာားတိုင်းမှာ နိုင်ငံရေးဆောင်ရွက်ပိုင်ခွင့် အပြည့်အ၀ရှိပါတယ်။ ဒါပေမဲ့ စည်းကမ်းကျတဲ့ လှုပ်ရှားမှုနဲ့ နည်းကျတဲ့ ရပ်တည်မှုတော့ ရှိနေရပါ့မယ်..အဲ့ဒီလိုမဟုတ်ဘူးဆိုရင်တော့ ပြဌာန်းသတ်မှတ်ထားတဲ့ ဥပဒေတွေက ထိုသူအ ပေါ်မှာ ခွင့်လွှတ်နားလည်ပေးနိုင်မှာမဟုတ်ပါဘူး..” ဟု လက်ပံတောင်းအရေး ကိစ္စအား လေ့လာစောင့်ကြည့်နေသူ မုံရွာဒေ သခံ ဥပဒေပညာရှင် တရားလွှတ်တော် ရှေ့နေကြီး တစ်ဦးမှ ဆိုသည်။

လွန်ခဲ့သည့် ရက်အနည်းခန့်က အဖမ်းဆီးခံ ဒေါ်နော်အုန်းလှနှင့်အဖွဲ့သည် မုံရွာမြို့ပေါ်၌ လက်ပံတောင်းအရေးကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး ကိစ္စ၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များအား ဆန္ဒပြတောင်းဆိုရန် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ တင်ပြလျောက်ထားခဲ့ကြောင်း သိရသည်။
“ ကျွန်မတို့ ဆန္ဒပြဖို့ ၊ လိုအပ်ချက်တွေကို ဥပဒေဘာင်အတွင်းကနေ တောင်းဆိုဖို့..၊ မှားယွင်းနေတာတွေကို ထောက်ပြဖို့ ..၊ သက်ဆိုင်ကို စာတင်ခဲ့တာ (၉)ကြိမ်ရှိခဲ့ပါပြီ။ ခွင့်ပြုချက်မရခဲ့ပါဘူး။ မရရင်လည်း ကျွန်မ လုပ်သင့်တာကို ဆက်ပြီးလုပ်သွားမှာပါ..” ဟု ဖမ်းဆီးခြင်းမခံရမီ မိနစ်ပိုင်းအလိုခန့်က ဒေါ်နော်အုန်းလှမှ မုံရွာဒေသခံ လူထုအပေါ် ပြောဆို ခဲ့ခြင်းဖြစ်သည်။

လက်ပံတောင်းအရေးကိစ္စသည် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည်ဟု လှုပ်ရှားတက်ကြွသူများက ဆိုသည်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများဘက်မှလည်း လက်ပံတောင်းတောင်အရေးကိစ္စနှင့် ပတ်သက်ပြီး ဒေသခံမဟုတ် သော အခြားမှလာရောက်သူများက ဒေသခံများအပေါ် သွေးထိုးလှုံှု့ဆော်သည်ဟု ဆိုပြန်သည်။

ယခုလ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က မုံရွာမြို့ပေါ်တွင် လက်ပံတောင်းတောင်းရေး လှုပ်ရှားတက်ကြွသူ လူ ဆယ်ယောက်အား ဒေသဆိုင်ရာ အာဏာပိုင်များမှ ဖမ်းဆီးခဲ့ပြီး လက်ပံတောင်းဒေသခံ ရွာသူ(၉)ယောက်အား ခံဝန်ပြုလုပ် ၍ ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဒေါ်နော်အုန်းလှ အပေါ် ထိုနေ့ညနေပိုင်းအချိန်က မုံရွာမြို့နယ် တရားရုံး၏ ထောင်ချုပ်မိန့်အရ မုံရွာအကျဉ်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

သတင်း+ဓာတ်ပုံ = ကိုတိုးကြီး