Home » » ဥက္ကံ ပဋိပက္ခ အမိန့်ချမှတ်မှု လျှို့ဝှက်ရန် ညွှန်ကြားဟု တရားသူကြီးဆို

ဥက္ကံ ပဋိပက္ခ အမိန့်ချမှတ်မှု လျှို့ဝှက်ရန် ညွှန်ကြားဟု တရားသူကြီးဆို

Written By Unknown on Tuesday, August 27, 2013 | 1:46 PM

ရန်ကုန်၊ သြဂုတ် ၂၆

တိုက်ကြီးမြို့နယ် ဥက္ကံမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ပါဝင်သူ သုံးဦးကို တိုက်ကြီးမြို့နယ် တရားရုံးက ထောင်ဒဏ် ငါးနှစ်မှ ထောင်ဒဏ် ခုနစ်နှစ် အထိ အသီးသီး အမိန့် ချမှတ်ခံခဲ့ရမှုနှင့် ပတ်သက်၍ အထက်က လျှို့ဝှက်ဟု ညွှန်ကြားထားသောကြောင့် မီဒီယာများ၏ မေးမြန်းမှုကို ပြောပိုင်ခွင့် မရှိကြောင်း မြို့နယ် တရားသူကြီး ဦးထွန်းကြည်က ပြောကြားသည်။

ဥက္ကံမြို့တွင် နေသူများဖြစ်သည့် ဦးစိန်ဟန်၊ ဦးဝင်းသန်း၊ ဦးကြည်စိုးတို့ကို ဥက္ကံမြို့ ရဲစခန်းက (ပ) ၁၁၄/၁၃ ၊ ပုဒ်မ ၄၃၆/၁၁၄ ဖြင့် အမှုဖွင့်ခဲ့ပြီး တိုက်ကြီးမြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ရာ သြဂုတ်လ ၂၃ ရက်နေ့ က ဦးစိန်ဟန်ကို ပုဒ်မ ၄၄၀/၃၄ အရ အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်၊ ဦးဝင်းသန်းကို ပုဒ်မ ၄၃၆/၃၄ အရ အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်၊ ဦးကြည်စိုးကို ပုဒ်မ ၄၄၀/၃၄ အရ အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်နှင့် ပုဒ်မ ၄၃၆/၃၄ အရ အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်တို့ကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အမိန့်ချမှတ်မှုနှင့် ပတ်သက်၍ တရားရုံးက ဖြေကြားခြင်း မရှိသဖြင့် ၎င်းတို့ အနေနှင့် ပြောကြားခွင့် မရှိကြောင်း တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ မြို့နယ်မှူး ရဲမှူးမြင့်မောင်က ဖြေကြားသည်။

ခုနစ်နှစ် ထောင်ဒဏ် ကျခံရသူ ဦးဝင်းသန်း၏ ဇနီး ဒေါ်စန်းစန်းအေးက “ဖြစ်တဲ့နေ့က ကျွန်မ ယောက်ျားက ကျွန်မနဲ့ အတူ ဗွက်ကုန်းရွာမှာ ရှိနေတာ။ ဘယ်မှလည်း မသွားဘူး။ နယ်ထိန်း ဒုရဲအုပ် နေဝင်းထွန်းက ပဋိပက္ခမှာ ပါတယ်လို့ သံသယရှိလို့ ခေါ်သွား တာ နောက်ဆုံး ယောက်ျား ထောင်ကျတာ” ဟု ပြောကြားသည်။

ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ဥက္ကံမြို့တွင် ကိုရင်လေးနှင့် အမျိုးသမီး တစ်ဦး တိုက်မိပြီး ဆွမ်းသပိတ် ကျကာ အဖုံးကွဲရာမှ စတင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင်း မီးလောင် ဖျက်ဆီးမှုများကြောင့် နေအိမ် ၈၁ လုံး၊ ဗလီ တစ်လုံး ၊ စာသင်ကျောင်း တစ်ခုနှင့် ဥက္ကံမြို့ပေါ် ဆိုင်ခန်း ၅၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

အဆိုပါ ပဋိပက္ခကြောင့် ပနီပင် ကျေးရွာတွင် ၁၀ဦး၊ ကျွဲပုန်းကြီး ကျေးရွာတွင် ရှစ်ဦး၊ ဗန္ဓုလ ရပ်ကွက်တွင် နှစ်ဦး၊ ဥယျာဉ်ကြီး ကျေးရွာတွင် နှစ်ဦး၊ မီးနင်းကန်ကုန်း ကျေးရွာတွင် သုံးဦး အပါအဝင် လူ ၂၅ ဦး ဖမ်းဆီးခံထား ရပြီး ပုဒ်မ အသီးသီးဖြင့် တိုက်ကြီးမြို့နယ် တရားရုံးတွင် တရားစွဲဆို ခံထား ရကြောင်း တရားစွဲ ခံထားရသူများ၏ မိသားစုဝင် အချို့ထံမှ သိရှိရသည်။

The Voice Weekly