Home » » နေရာစွဲ ပုဂ္ဂိုလ်စွဲများ မပါဘဲ ကူညီပေးနေသော ပရဟိတ လူငယ်အသင်း

နေရာစွဲ ပုဂ္ဂိုလ်စွဲများ မပါဘဲ ကူညီပေးနေသော ပရဟိတ လူငယ်အသင်း

Written By Unknown on Sunday, August 18, 2013 | 3:32 AM

အများအကျိုးကို ဆောင်ရွက်နေကြသော၊ လိုအပ်နေသည့် နေရာများတွင် လိုအပ်သည်များကို လုပ်အား၊ ဉာဏ်အားများဖြင့် တတ်နိုင်သမျှ စွမ်းဆောင်ကာ ကူညီ ဖြည့်ဆည်းပေးနေကြသော လူငယ်အဖွဲ့များ၏ အင်အားသည် စေတနာရှင် အလှူရှင်များ၏ ကူညီ ပံ့ပိုးပေးမှုကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့ ပံ့ပိုး ကူညီမှုများသည် အကူအညီ လိုအပ်နေသူများအတွက် သာမက ပရဟိတ အဖွဲ့များ ရေရှည် ရပ်တည်နိုင်ရန်အတွက်ပါ များစွာ အကျိုးပြုသည်ဟု ဆိုနိုင်ပေသည်။ သို့ဖြစ်၍ ယခုတစ်ပတ်တွင် အလှူရှင်များ၏ တတ်စွမ်းသမျှ ကူညီမှုဖြင့် ရပ်တည်နေပါသည်ဟု ဆိုသည့် ပရဟိတ လူငယ်အသင်း အကြောင်းကို ဖော်ပြပေးလိုက်ပါသည်။

သူငယ်ချင်း သုံးယောက်နဲ့ စတယ်

ပရဟိတ လူငယ်အသင်းကို လူမှုရေး လုပ်ငန်းများအပေါ် စိတ်ပါဝင်စားသည့် ကိုညီညီ၊ ကိုကျော်စွာသန်းနှင့် မဖြူရောင်တို့က စတင် ဖွဲ့စည်းခဲ့ကြသည်။ ပရဟိတ လူငယ်အသင်းဟုလည်း ၎င်းတို့ သုံးယောက်ကပင် နာမည်တပ်ခဲ့ခြင်း ဖြစ်သည်။

စည်းကမ်းချက်တွေလည်း ထားရှိတယ်

ပရဟိတ လူငယ်အသင်းတွင် စည်းကမ်းချက်များလည်း ထားရှိပြီး စည်းကမ်းချက်များမှာ အခြားသော အသင်းအဖွဲ့များအပေါ် နမူနာယူပြီး ချမှတ်ထားခြင်းဖြစ်ကြောင်း ပရဟိတ လူငယ်အသင်းမှ ကိုလင်းနေက ဆိုသည်။ ပရဟိတ လူငယ်အသင်း၏ စည်းကမ်းချက်များမှာ

(၁) အသင်းမှ အမှုဆောင် အဖွဲ့ဝင်များ အားလုံးသည် အသင်းမှ ပြုလုပ်သည့် အလှူပွဲများ၊ အစည်းအဝေးများကို သုံးကြိမ်တိုင်တိုင် ပျက်ကွက်ခြင်း မပြုလုပ်ရ။
(၂) အသင်းဝင်များ၊ အမှုဆောင်များ အားလုံးသည် အသင်းမှ ပြုလုပ်သော အလှူပွဲများ၊အစည်းအဝေး များကို သတ်မှတ်ချိန်ထက် နောက်ကျပြီး ရောက်ရှိလာခြင်း မပြုရ၊
(၃) အသင်းဝင်များ၊ အမှုဆောင်များ အားလုံးသည် အသင်းမှ ပြုလုပ်သော အလှူပွဲများ၊အစည်းအဝေး များကို တက်ရောက်တိုင်း အသင်း၏ ရင်ထိုးများကို တပ်ဆင်လာရမည်။ (ပျောက်ပျက်ခြင်း၊ မေ့ကျန်ခဲ့ခြင်း မဖြစ်စေရန် အထူး သတိပြုပါ)
(၄) အသင်း၏ အစည်းအဝေးများတွင် အသင်းနှင့် မသက်ဆိုင်သော ကိစ္စများကို မပြောဘဲ တစ်ယောက် ပြောဆိုနေသော အသင်း အကြံဉာဏ် ပြုချက်များကို ကျန်သူ အားလုံးမှာ ဂရုတစိုက် နားထောင်ရမည်။
(၅) အသင်းဝင်များ အနေနှင့် မိမိတို့၏ အသင်းနှင့် ပတ်သက်သော အကြံဉာဏ်များ၊ မကျေနပ်ချက် များ ရှိပါက ပွင့်လင်းစွာ တင်ပြ ဆွေးနိုင်ပါသည်။
(၆) အသင်းဝင်များ၊ အမှုဆောင်များ အားလုံးသည် တစ်ဦးနှင့်တစ်ဦး တရားလွန် စနောက်ခြင်း၊ အချင်းချင်း ပုတ်ခတ် ပြောဆိုခြင်းများ မပြုလုပ်ရပါ။
(၇) အသင်းမှ အမှုဆောင်များ အားလုံးသည် မိမိ၏ တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရမည်။
(၈) အသင်းမှ အမှုဆောင်များ အားလုံးသည် အသင်း၏ ရည်ရွယ်ချက်များ၊ အသင်း၏ ရှေ့ဆက်မည့် လမ်းစဉ်များ အားလုံးကို အသင်းဝင် အသစ်များသို့ ပြန်လည် ပြောပြ ဆွေးနွေးနိုင်ရမည်။
(၉) ပြေပြစ်သော ဆက်ဆံရေးသည် အသင်းသား အားလုံးတွင် ရှိရမည်။
(၁၀) အသင်းသား အားလုံးသည် အသင်း၏ စာမျက်နှာများပေါ်တွင် အများအမြင်မတင့်သော စာများ၊ ဗီဒီယိုများ၊ ထင်မြင်ချက်များ တင်ပြ ရေးသားခြင်းကို တင်းကျပ်စွာ တားမြစ်ပါသည်။
(၁၁) ပရဟိတ လူငယ်အသင်းသည် နိုင်ငံရေး၊ ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် မသက်ဆိုင်သော အဖွဲ့စည်းတစ်ခု ဖြစ်သောကြောင့် နိုင်ငံရေး၊ ကိုယ်ရေးကိုယ်တာများနှင့် သက်ဆိုင်သော မည်သို့သော ကိစ္စမှ ဆင်တူရိုးမှား အနေနှင့်သော် လည်းကောင်း ဖော်ပြထားခြင်း မပြုရ။
(၁၂) အသင်း၏ အလှူ ပြုလုပ်ခြင်းမှအပ အခြား အလှူငွေ ကောက်ခံခြင်း၊ ငွေကြေး အလွဲသုံးစား လုပ်ခြင်းများ မပြုလုပ်ရ။
(၁၃) အသင်း၏ လှုပ်ရှားမှု မှတ်တမ်းတင် ဗီဒီယိုများ၊ သီချင်းများ၊ ဓာတ်ပုံများမှအစ ဖော်ပြချက်များကို မည်သည့် Website တွင်မှ တစ်ဆင့် ပြန်လည် ဖော်ပြခြင်း မပြုလုပ်ရ။
(၁၄) အသင်းကို တစ်နည်းနည်းဖြင့် နှောင့်ယှက်သော မည်သည့် အသင်းဝင်ကိုမဆို အသင်းမှ ထုတ်ပယ်မည် ဖြစ်ပါသည်။

အသင်းရဲ့ ရည်ရွယ်ချက်တွေ

ပရဟိတ အဖွဲ့အစည်းများ၏ ရည်ရွယ်ချက်များသည် အကူအညီ လိုအပ်နေသူများကို တတ်အားသရွေ့ ကူညီပေးကြရန်၊ နိုင်ငံတွင် လိုအပ်သည့် နေရာများကို ဖြည့်ဆည်းပေးကြရန် ဖြစ်သော်လည်း အခြားသော ရည်ရွယ်ချက်များလည်း ရှိနေသေးသည်။ ပရဟိ လူငယ်အသင်းတွင် လည်း ရည်ရွယ်ချက်များ ထားရှိသည်ကို တွေ့ရပေသည်။

(၁) လူမှုရေး လုပ်ငန်းများ လုပ်ကိုင်နေကျသော အဖွဲ့စည်းများ၊ အကူညီ လိုအပ်နေသော သူများကို နေရာစွဲ၊ ပုဂ္ဂိုလ်စွဲများ မပါဘဲ ပရဟိတ လူငယ်အသင်းမှ တစ်ပိုင်တစ်နိုင် ပံ့ပိုးကာ အကူညီများ ပေးနိုင်စေရန်။
(၂) အသင်းဝင် ညီ အစ်ကို မောင်နှမများကို မိသားစု တစ်စုကဲ့သို့ တစ်ဦးနှင့် တစ်ဦး ချစ်ခင် ရင်းနှီးစွာ ဖြင့် အသင်းဝင် မောင်နှမများ၏ မိသားစု သာရေး၊ နာရေးကိစ္စများပါ မကျန် ပါဝင် လှုပ်ရှား အကူညီ ပေးနိုင်စေရန်၊
(၃) လူမှုရေး ဖွံ့ဖြိုး တိုးတက်မှုများအတွက် အသိပညာ ပေးခြင်း၊ အတတ်ပညာများ မျှဝေခြင်းများမှ အစ လိုအပ်သည်များကို အကူအညီများ ပေးရာတွင် သက်ဆိုင်သော နေရာ၊ ဒေသများအထိ တိုက်ရိုက် သွားရောက် အကူညီများ ပေးနိုင်စေရန်။

အသင်းရဲ့ သက်တမ်းနဲ့ အဖွဲ့ဝင်တွေ

ပရဟိတ လူငယ်အသင်းကို ၂၀၁၀ အောက်တိုဘာလ ၉ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယခု ဆိုလျှင် အသင်း၏ သက်တမ်းမှာ ၂ နှစ်ကျော် သုံးနှစ်ထဲသို့ ရောက်ရှိလာပြီ ဖြစ်သည်။ အွန်လိုင်း အခြေစိုက် အသင်း ဖြစ်သဖြင့် အသင်းဝင် အင်အားမှာ အွန်လိုင်း အသင်းဝင်ဦးရေ ငါးထောင်ကျော်နှင့် လှုပ်ရှားမှု အမာခံ အသင်းဝင်မှာ ၁၅၀ ကျော် ရှိပြီ ဖြစ်သည်။

အသင်းရဲ့ ကူညီလှုပ်ရှားမှုတွေ

ပရဟိတ လူငယ်အသင်း၏ အဓိက လှုပ်ရှားမှုများမှာ ပညာရေး ထောက်ပံ့မှုများ၊ ကျန်းမာရေး ထောက်ပံ့မှုများတွင် တတ်အားသရွေ့၊ တတ်နိုင်သရွေ့ ပါဝင် ကူညီ ဆောင်ရွက်ပေးသည်။ ဥပမာ အားဖြင့် မိဘမဲ့ ကလေးများ၊ ဘိုးဘွား ရိပ်သာများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း စာသင်တိုက်များအတွက် ဖြည့်စွမ်းပေးနိုင်သရွေ့ ကူညီစောင့်ရှောက် လှူဒါန်းမှုလည်း ပြုလုပ်ပေး သည်။ ရေဘေး၊ မီးဘေး၊ သဘာဝ ဘေးများအတွက် ကြားဖြတ် အရေးပေါ် လှူဒါန်းမှုများလည်း ပြုလုပ်ပေးကြပြီး ပုံမှန်အားဖြင့် လေးလ တစ်ကြိမ် စုပေါင်း သွေးလှူဒါန်းပွဲကို မေတ္တာဗျူဟာ သွေးလှူရှင် အသင်းနှင့် ပူးပေါင်းပါဝင် ပြုလုပ် လှူဒါန်းပေးကြသည်။

အခက်အခဲကို စုပေါင်းအားနဲ့ ဖြေရှင်း

“အသင်းတိုင်း အသင်းတိုင်းမှာ အခက်အခဲဆိုတာတော့ ရှိကြတာပါပဲ။ အနည်းအများပဲ ကွာခြားမှာပါ။ ကျွန်မတို့ အသင်းမှာလည်း အခက်အခဲ ဆိုတာလေးတွေတော့ ရှိကြပါတယ်။ ဒါပေမဲ့လည်း အသင်းဝင် များရဲ့ စုပေါင်းအင်အားနဲ့ပဲ ဖြေရှင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ပရဟိတ လူငယ်အသင်းမှ မခိုင်ညိုက ဆိုသည်။

နှစ်ကာလ အချိန်တိုလေး အတွင်းတွင် အလှူပွဲများ၊ အထိမ်းအမှတ် အလှူပွဲများကို ဆက်တိုက် ဆိုသလို ပြုလုပ်နိုင်ခဲ့သဖြင့် အထိုက်အလျောက်အားဖြင့် အောင်မြင်တယ်ဟု ဆိုနိုင်ကြောင်း၊ အလှူပွဲများမှာလည်း အကြိမ် ၂၀ ကျော်ခဲ့ပြီး သွေးလှူပွဲမှာလည်း ရှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း အဖွဲ့သားများက ဆိုကြသည်။

အားပေး ချီးမြှောက်သံတွေက စိတ်ဓာတ် တက်ကြွစေခဲ့

ပရဟိတ လူငယ်အသင်း၏ တစ်နှစ်ပြည့် အလှူအတွက် ပြုလုပ်ခဲ့သည့် စာကြည့်တိုက် တည်ဆောက် လှူဒါန်းပွဲလေးသည် အသင်းဝင် ညီအစ်ကို မောင်နှမများအတွက် အမှတ်တရဖြစ်မည်ဟု ထင်ကြောင်း၊ မထင်မှတ်လောက်အောင် အောင်မြင်ခဲ့ကြောင်း အဖွဲ့သားများ ကိုယ်စား ကိုလင်းနေက ဆိုသည်။
“ဒါဟာလည်း ကျွန်တော်တို့ကို ပံ့ပိုး ကူညီခဲ့ကြတဲ့ အလှူရှင်တွေ စေတနာရှင်တွေ အသင်းဝင်တွေရဲ့ စုပေါင်း အင်အားကြောင့်ပါ။ သူတို့တွေရဲ့အားပေးသံတွေ၊ ချီးမြှောက်သံတွေက ကျွန်တော်တို့တစ်တွေ ကို စိတ်ဓာတ် တက်ကြွစေခဲ့ပါတယ်။ တွန်းပို့ ပေးနိုင်ခဲ့ပါတယ်။ အသင်း အောင်မြင်မှုအတွက် အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ ကျွန်တော်တို့အသင်း အခုလိုမျိုး ရပ်တည် ဆောင်ရွက်နိုင်ခဲ့တာ လုပ်ဆောင်နိုင်ခဲ့တာဟာ သူတို့တွေရဲ့ အားပေးသံများ ပံ့ပိုးမှုတွေကြောင့်ပါ” ဟု ကိုလင်းနေက ဆိုသည်။

လူမှုရေး လုပ်ငန်းတွေ ဒီထက်မက လုပ်ဆောင်နိုင်အောင် ကြိုးစားမည်

“ကျွန်တော်တို့ အသင်းနဲ့ လက်တွဲ ပါဝင် ဆောင်ရွက်ပြီး အကြောင်း အမျိုးမျိုးကြောင့် ခွဲခွာသွားကြတဲ့ သူတွေ၊ နိုင်ငံရပ်ခြား တိုင်းတစ်ပါးကို ရောက်သွားကြတဲ့သူတွေ ရှိပါတယ်။ အဝေးကို ရောက်နေပေမယ့် အဲဒီ အဝေး တစ်နေရာကနေ အသင်းအတွက် တတ်နိုင်သလောက် ကူညီပေးနေကြပါတယ်။ သူတို့တွေကို ပြောချင်ပါတယ်။ အသင်း ဆက်လက် တည်တံ့ ခိုင်မြဲအောင် ကျွန်တော်တို့တွေ ကြိုးစားနေဦးမှာ ပါ။လူမှုရေး လုပ်ငန်းတွေကို ဒီထက်မက လုပ်ဆောင်နိုင်အောင် ကြိုးစားနေပါဦးမယ်။ သူတို့တွေရဲ့ ကိုယ်စား သူတို့ လုပ်ချင်တဲ့ လူမှုရေး အကျိုးပြု လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေပါဦးမယ် လို့ ပြောချင်ပါတယ်” ဟု ကိုလင်းနေက ဆိုသည်။

ပူးပေါင်း လုပ်ဆောင်ဖို့အတွက် ကြိုလင့်လျက်ရှိ

တစ်ဖွဲ့တည်း လှုပ်ရှားခြင်းထက် အခြားအဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်ပါက ပိုမို ထိရောက်သဖြင့် ပရဟိတ လူငယ်အသင်းသည် အခြား လူငယ် အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်ရန် အသင့် ရှိပါကြောင်း ကိုလင်းနေက ယခုလို ပြောဆိုသည်။

“အခုဆိုရင် ကျွန်တော်တို့နိုင်ငံမှာ လူငယ်အသင်းအဖွဲ့တွေ အများကြီး ရှိနေပါပြီ။ အဲဒီလို အများအပြား ပေါ်ပေါက် လှုပ်ရှားလာတာကို တွေ့ရတဲ့အတွက် ဝမ်းသာမိပါတယ်။ အားလည်း ပေးနေပါတယ်။ သူတို့တွေနဲ့ အားလုံး ပူးပေါင်းပြီးတော့ လူမှုအကျိုးပြု ပရဟိတ လုပ်ငန်းများကို အတူ လုပ်ဆောင်ဖို့ အတွက် ကြိုလင့်နေပါတယ်။ ဘယ်လို ရည်ရွယ်ချက်၊ ခံယူချက်နဲ့ ဖွဲ့ဖွဲ့ ၊ ဘယ်လို အလုပ်တွေကိုပဲ လုပ်လုပ် အားလုံးက ပရဟိတ အလုပ်တွေကို လုပ်ဆောင်ဖို့အတွက်ပဲ ဖွဲ့စည်း လုပ်ဆောင်နေကြတာ ဆိုတော့ အားလုံးကို ကြိုဆိုပါတယ်”

အသင်းကို ဆက်သွယ်ချင်ရင်

ပရဟိတ လူငယ်အသင်းကို စိတ်ပါဝင်စား၍ ဆက်သွယ်ချင်ပါက ဖုန်းနံပါတ် ၀၉-၇၃၂၂ ၈၂၇၄ ၊ ၀၉-၄၂၀၀ ၃၇၇၉၆ နှင့် ၀၉-၂၃၄၆၄၁၅ တို့သို့ ဆက်သွယ်နိုင်ပါသည်။ အွန်လိုင်း လိပ်စာမှာ https://www.facebook.com/youthcharitypartners ဖြစ်သည်။

(ချမ်းငြိမ်းဖြူ)

The Voice Weekly